အစ္စရေးနဲ့ပါလက်စတိုင်းကြားပိုင်ဆိုင်မှုအငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ ဂျေရုစလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ကြေညာလိုက်ပါတယ်။ဂျေရုစလင်မြို့ဟာ အစ္စရေးနိုင်ငံမြို့တော်ဖြစ်တယ်လို့ အမေရိကန်ဘက်က အသိအမှတ်ပြုလိုက်ပြီး အစ္စရေးနိုင်ငံဆိုင်ရာအမေရိ ကန်သံရုံးကို ဂျေရုစလင်မြို့ဆီပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ အခုလို ကြေညာလိုက်တာက အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးမှာ ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်ရဲ့ ကာလရှည် နိုင်ငံရေးမူဝါဒတွေကို ဆန့်ကျင်ရာရောက်နေပါတယ်။
 
ဒါပေမဲ့ သမ္မတထရမ့်က တော့ အမေရိကန်ရဲ့ အခုလိုအသိအမှတ်ပြုမှုဟာ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးဖြစ်စဉ်ကို အကျိုးရှိစေဖို့ အချိန်အတော် နောက်ကျနေတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဂျေရုစလင်မြို့ဟာ အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်းတွေကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ သမ္မတထရမ့်ရဲ့ကြေညာချက်ဟာ သမိုင်းဝင်ခဲ့ပြီလို့ ပြောခဲ့ပေမဲ့ နိုင်ငံတကာမှာတော့ အဲဒီကြေညာချက် ကို ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ကာလရှည်ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဖက် စလုံးကလက်ခံတဲ့ ဖြေရှင်းချက်တစ်ခုထွက်လာ မယ်ဆိုရင် အမေရိကန်က ထောက်ခံအားပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ် လို့လည်း သမ္မတထရမ့်က ပြောပါတယ်။
 
သမ္မတထရမ့်ရဲ့ကြေညာချက်ဟာ မနှစ်မြို့ဖွယ်ဖြစ်ပြီး အမေရိကန်ဟာ ငြိမ်းချမ်းရေးမှာ ကြားဝင်စေ့စပ်သူမဟုတ်တော့ဘူးလို့ ပါလက်စတိုင်းသမ္မတမာမွတ် အာဘတ်စ်က တုံ့ပြန်ပြောဆိုပါတယ်။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခုသီတင်းပတ် ကုန်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်း အဝေးခေါ်ယူသွားဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅)နိုင်ငံထဲက (၈)နိုင်ငံက တောင်းဆိုထားပါတယ်။
 
 
 

Related News