လက်ရှိမှာတာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမယ့်(၂၀၁၈) ခုနှစ်မှာ ကျင်းပမယ့် ရုရှား အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး နောက်ထပ်သမ္မတ သက်တမ်းတစ်ဆက် ဆက်တာဝန်ထမ်းဆောင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။ ဗော်လ်ဂါ မြို့က ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံရဲ့ဝန်ထမ်းတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားစဉ်မှာ သမ္မတပူတင်က အခုလိုပြောလိုက်တာပါ။ သမ္မတပူတင်ဟာ (၂၀၀၀)ပြည့်နှစ်ကတည်းက ရုရှားနိုင်ငံရဲ့ သမ္မတအနေနဲ့ရော ၀န်ကြီးချုပ်အနေနဲ့ရော တာဝန်ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာသာ သမ္မတ အဖြစ် ပြန်လည်ရွေးကောက်ခံရမယ်ဆိုရင်တော့ သူဟာ(၂၀၂၄) ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
 
သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန်္ဒကောက်ခံထားတဲ့ စာရင်းတွေအရ သမ္မတ ပူတင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အလွယ်တက အနိုင်ရဖွယ်ရှိ တယ်လို့ သိရပါတယ်။ ရုရှားအဓိကအတိုက်အခံပါတီခေါင်းဆောင်ဖြစ်တဲ့ အာလက်ဆီ နာဗာနီက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။ နာဗာနီဟာ အလွဲသုံးစား လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်ကြောင့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပိတ်ခံထား ရတာဖြစ်ပြီး သူကတော့ အဲဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးပယောဂတွေ ပါဝင်နေတယ်လို့ ပြောထားပါတယ်။ ယူကရိန်းနိုင်ငံဆီကနေ ခရိုင်းမီးယားဒေသကို ပြန်ရနိုင်ခဲ့တာနဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နိုင်တာတွေ ကြောင့် ရုရှားနိုင်ငံသားတွေက ပူတင်ကို ထောက်ခံနေကြတာ ဖြစ်ပါတယ်။ 
 
 
 

Related News