ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့စက်တင်ဘာလ(၁၀)ရက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ စီးပွားရေးစီမံကိန်းတွေအပေါ် သဘောတူညီမှုရခဲ့ပါတယ်။ အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်း ကျင်းပ ခဲ့ပါတယ်။ လက်ရှိမှာရုရှားက ထိန်းသိမ်းထားပြီး ဂျပန်က ပိုင်တယ်လို့ပြောထားတဲ့ ကျွန်း(၄)ကျွန်းပေါ်မှာ နှစ်နိုင်ငံ ပူးတွဲစီမံကိန်း တွေဆောင်ရွက်ရေးနဲ့ လုပ်ငန်းစဉ်တွေရေးဆွဲရေးအတွက်လည်း သဘောတူညီခဲ့တယ်လို့ အာဘဲက ပြောပါတယ်။ ဂျပန်နိုင်ငံဘက်က စီးပွားရေးအဖွဲ့တွေ စေလွှတ်သွားမယ်လို့လည်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအရေးကိစ္စရပ်တွေကို ဖြေရှင်းရာမှာ ဂျပန်နိုင်ငံက ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း အာဘဲက ကတိပြုခဲ့ပါတယ်။ မြောက်ကိုရီးယားက ခေါ်ဆောင်သွားခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်နိုင်ငံဘက်ကကြိုးပမ်းမှုတွေကိုလည်း သမ္မတ ပူတင်က နားလည်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ သိမ်းပိုက်ခံခဲ့ရတဲ့ကျွန်းတွေဟာ ဂျပန်ပိုင်နက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဂျပန် အစိုးရဘက်က ပြောခဲ့ပါတယ်။

 

 

Related News