စစ်အေးကာလနောက်ပိုင်းအကြီးဆုံးဖြစ်ပြီး ရုရှားတပ်ဖွဲဝင်(၃)သိန်းလောက်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံမှာ စက်တင်ဘာလ (၁၁)ရက်ကစတင်ပြုလုပ်ခဲ့ပါတယ်။စစ်အေးကာလအပြီး၊ ရုရှားနိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ(၁၁)ရက်မှာစတင်ခဲ့ပြီး “ဆိုက်ဘေးရီးယား” ဒေသအရှေ့ပိုင်းမှာကျင်းပတဲ့အဲဒီလေ့ကျင့်မှုမှာ ရုရှားတပ်ဖွဲ့ဝင်(၃)သိန်းလောက်သာမက တရုတ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါ တယ်။ “ဗိုစတော့ဗ်”(၂၀၁၈)လို့အမည်ပေးထားတဲ့အဲဒီလေ့ကျင့်မှုမှာ တင့်ကားအစီး(၃၆၀၀၀)ကျော်၊ လေယာဉ်အစီး(၁) ထောင်ကျော်၊ စစ်သင်္ဘောအစီး(၈၀)ကျော်နဲ့ ထောက်ပံ့ယာဉ်တွေပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လေ့ကျင့်မှုတွေရဲ့ရည်ရွယ်ချက်က ပိုဝေးတဲ့နေရာတွေဆီ တပ်ဖွဲ့တွေရွှေ့ပြောင်းရာမှာ အဆင်သင့်ဖြစ်နေတာ ကို စစ်ဆေးဖို့၊ ခြေလျင်တပ်နဲ့ ရေတပ်တို့ကြားပူးပေါင်းဆောင်ရွက်မှုတွေကို စမ်းသပ်ဖို့နဲ့ စီမံခန့်ခွဲရေးနဲ့ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို မွမ်းမံဖို့ တို့ဖြစ်တယ်လို့ ရုရှားဘက်ကပြောပါတယ်။ အဓိကလေ့ကျင့်မှုတွေကိုတော့ စက်တင်ဘာလ(၁၃) ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ထိုးစစ်နဲ့ခံစစ်အတွက် ဇာတ်တိုက်လေ့ကျင့်မှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့တပ်ဖွဲ့ဝင်(၃၂၀၀) လောက်ကလည်း လေ့ကျင့်မှုတွေမှာပါဝင်မယ်လို့ တရုတ်နိုင်ငံဘက်က ပြောပါတယ်။ ဒီလေ့ကျင့်မှုတွေက ပဋိပက္ခကြီးတွေအတွက် ကြိုတင်ပြင်ဆင်နေတာလို့ နေတိုးတပ်ဖွဲ့ဘက်က ရှုတ်ချထားပြီး စောင့်ကြည့်သွားမယ်လို့ပြောပါတယ်။

 

 

Related News