လာအိုနဲ့ အာဆီယံနိုင်ငံတွေကြားကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို မြှင့်တင်ဖို့ရည်ရွယ်ပြီး အခု(၂၀၁၈)ခုနှစ် ရဲ့အာဆီယံကုန်စည်ပြပွဲကို လာအိုနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ပါတယ်။ လာအိုနိုင်ငံ၊ စာဗန်နာခက်ပြည်နယ်က ITECCဈေးဝယ်စင်တာမှာ လာအိုနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုပြသခဲ့ပါတယ်။

ဒီကုန်စည်ပြပွဲကိုစက်တင်ဘာလ(၂၀)ရက်ကနေ (၂၃)ရက်ထိကျင်းပ မှာဖြစ်ပြီးပြခန်းပေါင်း (၂၀၀)ကျော်ပါဝင်မှာပါ။ လာအိုအမျိုးသားကုန်သွယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ ထိုင်းနိုင်ငံ တန်စိုကုမ္ပဏီ တို့ပူးပေါင်းပြီး ပြပွဲမှာစိုက်ပျိုးရေးစက်ပစ္စည်းနဲ့ကိရိယာတွေ၊  စက်မှုလုပ်ငန်း၊ အစားအစာ၊ အဖျော်ယမကာနဲ့ လူသုံး ကုန်ပစ္စည်း၊ ကျန်းမာရေးနဲ့အလှကုန် ပစ္စည်းတွေကို ပြသနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးမိတ်ဖက်တွေကို ရှာဖွေနိုင်ပြီး အတွေ့အကြုံချင်းဖလှယ်နိုင်တယ် လို့လည်း ပြပွဲကျင်းပရေးခေါင်းဆောင် စာရာ မွန်စီကောက ပြောပါတယ်။ အဲဒီ ပြပွဲမှာ အာဆီယံအချက်အပြုတ်ပြိုင်ပွဲနဲ့ လာအိုနဲ့ ထိုင်းနိုင်ငံ တို့က ၀တ်စားဆင်ယဉ်မှုဖက်ရှင်ပြပွဲတွေပါဝင်မှာပါ။ လာအိုနိုင်ငံမှာရေ လွှမ်းမိုးခံခဲ့ရတာကြောင့် ထိခိုက်ခဲ့တဲ့ဒေသခံတွေအတွက် အလှူငွေ ပေးနိုင်ဖို့  ထိုင်းနဲ့လာအိုနိုင်ငံတို့ကဖျော်ဖြေရေးသမားတွေနဲ့ နာမည်ကြီး အဆိုတော်တွေကလည်း တေးဂီတဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

 

Related News