မောင်းသူမဲ့လေယာဉ်တွေနဲ့ဒုံးကျည်တွေသုံးပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု(U.A.E)နဲ့ သူတို့ရဲ့ညွှန့်ပေါင်း တပ်ဖွဲ့တွေကို တိုက်ခိုက်တာရပ်ဆိုင်းထားတယ်လို့ ယီမင်နိုင်ငံက ဟူသီခွဲထွက်ရေးသမားတွေက နိုဝင်ဘာလ(၁၉)ရက်မှာပြောပါ တယ်။ ကုလသမဂ္ဂရဲ့တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ဟူသီတွေက အခုလိုပြောခဲ့တာ ပါ။ ယီမင်ရဲ့အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုဒေးဒါဆိပ်ကမ်းမြို့ကို တိုက်ခိုက်မှုရပ်ဆိုင်းဖို့ ဆော်ဒီ ဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့ တွေက အမိန့်ထုတ်ခဲ့ပြီးနောက် ဟူသီတွေက အပစ်ရပ်ဖို့ပြောခဲ့တာပါ။ ယီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ ဆက်သွယ်ခဲ့ပြီး သူ့ရဲ့တောင်းဆိုချက်အရ ဆော်ဒီဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေကို ဒုံးကျည်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ ဟူသီတော်လှန်ရေးကော်မတီဥက္ကဋ္ဌ မိုဟာမက် အလီ အယ်လ် ဟူသီရဲ့ထုတ်ပြန်ချက်မှာပါဝင် ပါတယ်။ (၂၀၁၁)ခုနှစ်ကတည်းကစတင်ခဲ့တဲ့ယီမင်ပြည်တွင်းစစ်ကြောင့် လူတစ်သောင်းလောက်သေဆုံးခဲ့ပြီး နိုင်ငံသား(၁၈) သန်းလောက်အငတ်ဘေးကြုံနေရတဲ့အတွက် စစ်ရပ်ဆိုင်းဖို့ ပါဝင်တိုက်ခိုက်နေကြသူတွေကို နိုင်ငံတကာက ဖိအားပေးနေပါတယ်။

 

 

Related News