ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာ ဇန်န၀ါရီ(၁၇)ရက်မနက်ပိုင်းကရဲသင်တန်းကျောင်းနားမှာကားဗုံးပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံးခဲ့ပြီးယာဉ်မောင်းဖြစ်သူလည်းသေဆုံးခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံးပြီးနောက်ထပ်လူ(၄၅)ဦးဒဏ်ရာရခဲ့ပါတယ်။ မြို့တောင်ပိုင်းကရဲသင်တန်းကျောင်းအပြင်ဘက်မှာ ဇန်န၀ါရီ(၁၇)ရက်ကပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ယာဉ်မောင်းဟာအသက်(၅၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီးဒီတိုက်ခိုက်မှုနောက်ကွယ်မှာသူတို့ရှိနေတယ်လို့ ဘယ်အဖွဲ့ကမှ ၀န်ခံထားတာမျိုးမရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာရူးကြောင်ကြောင်အကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်ပြီးလက်သည်ကိုအပြစ်ပေးနိုင်အောင် ဖော်ထုတ်သွားမယ်လို့ ကိုလံဘီယာသမ္မတအိုင်ဗန် ဒူကေးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာရဲသင်တန်းကျောင်းမှာရာထူးတိုးတဲ့တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားကျင်းပနေတာပါ။စစ်ဆေးရေးဂိတ်မှာအစောင့်တွေကကားကိုရပ်ခိုင်းချိန်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းခဲ့ပြီးတဲ့နောက် နံရံကိုဝင်တိုက်ပြီးပေါက်ကွဲခဲ့ပါတယ်။ အခုပေါက်ကွဲမှုကိုသမ္မတဟောင်း ဂျူအန် မန်နွယ် ဆန်းတို့စ်နဲ့ အယ်ဗာရို အူရီဘီတို့အပါအ၀င် ကိုလံဘီယာနိုင်ငံရေးသမားတွေနဲ့ ဒေသဆိုင်ရာခေါင်းဆောင်တွေက  ရှုတ်ချနေပါတယ်။ ကိုလံဘီယာအစိုးရနဲ့ ဖားစ်သူပုန်တွေရဲ့နှစ်ဆယ်ချီပဋိပက္ခတွေထဲမှာကားဗုံးကွဲမှုတွေရှိခဲ့ဖူးပေမဲ့ ပြီးခဲ့တဲ့(၉)နှစ်အတွင်းမှာတော့ ကားဗုံးပေါက်ကွဲမှုတွေမရှိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။ ဖားစ်နဲ့ ကိုလံဘီယာအစိုးရတို့က (၂၀၁၆)နိုဝင်ဘာမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ဖားစ်နာမည်နဲ့ပဲ နိုင်ငံရေးပါတီတစ်ခုအနေနဲ့တည်ထောင်ထားပြီးပါတီခေါင်းဆောင် ပတ်စတာအလက်ပီကလည်းဒီတိုက်ခိုက်မှုကိုကန့်ကွက်တယ်လို့ တွစ်တာမှာရေးထားပါတယ်။

 

 

 

Related News