ကိုလံဘီယာနိုင်ငံမှာ တနင်္ဂနွေနေ့က မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ(၁၇)ဦးသေဆုံးပြီး နောက်ပိုင်းမှာ သေဆုံးသူဦးရေထပ်တိုးလာနိုင်တယ်လို့ ဒေသ တွင်းမီဒီယာတွေကဖော်ပြနေပါတယ်။ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းက အစိတ်အပိုင်းတစ်ခုမှာ တနင်္ဂနွေနေ့ကမြေပြိုမှုဖြစ်ပွားခဲ့လို့ အိမ်တွေမြုပ်ခဲ့ပြီး အနည်း ဆုံးလူ(၁၇)ဦး သေဆုံးခဲ့သလို နောက်ထပ်လူ(၅)ဦးဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာသဘာဝဘေးထိန်းချုပ်ရေးအမျိုးသားဌာန (UNGRD)ကပြောပါတယ်။ အသက်ရှင်ကျန်သူတွေရဲ့ရှာတွေ့ဖို့ အားထုတ်နေပြီး ဒဏ်ရာရသူတွေကိုကုသမှုပေးဖို့ ဆေးရုံကိုပို့ပေး ထားတယ်လို့ ရိုဆာမြို့ဒေသ အာဏာပိုင် တွေကပြောပါတယ်။ အခုဖြစ်ရပ်ကြောင့် သေဆုံးခဲ့သူတွေရဲ့ဆွေမျိုးတွေဆီ ၀မ်းနည်း ကြောင်းသ၀ဏ်လွှာကို ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကေးကပေးပို့ခဲ့ပါတယ်။

ဒေသစံတော်ချိန်မနက်(၃)နာရီ ၀န်းကျင်လောက် မှာ ဒေသခံတွေအိပ်ပျော်နေချိန် မြို့ရဲ့ဆင်ခြေဖုံးဒေသမှာ အခုလို သဘာဝဘေးဖြစ်ပွားခဲ့တာပါ။ ဒီမြေပြိုမှုကြောင့် ကွာကာနဲ့ နာရီ နိုတို့ကိုချိတ်ဆက်နေတဲ့ အမေရိကဖြတ်ကျော် အဝေးပြေးလမ်းမပြတ်တောက်ခဲ့ ပါတယ်။ မြေပြိုမှုဖြစ်ပြီးနောက် လူ(၃၀)ဦးလောက် ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြခဲ့ပြီး နောက်ပိုင်းမှာသေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်းဖော်ပြနေပါတယ်။ မကြာသေးခင်ရက်တွေတုန်းက အဲဒီဒေသမှာမကြာခဏမိုးရွာခဲ့လို့ မြေပြိုမှုဖြစ်ပွားခဲ့တာလို့ (UNGRD)ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

 

Related News