ပြီးခဲ့တဲ့နှစ်ကအင်ဒိုနီးရှားနိုင်ငံမှာလေယာဉ်ပျက်ကျခဲ့တဲ့ဖြစ်ရပ်ကြောင့် နစ်နာကြေးပေးနေရတဲ့မိသားစုတွေကိုဘိုးအင်းကုမ္ပဏီကလှည့်ဖြားနေတယ်လို့ မိသားစုရှေ့နေတွေကပြောနေပါတယ်။ (၂၀၁၈)ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံမှာလိုင်းယွန်းလေကြောင်းလိုင်းပိုင် ဘိုးအင်း737 Maxလေယာဉ်ပျက်ကျလို့ သေဆုံးခဲ့သူတွေရဲ့မိသားစုတွေကိုနစ်နာကြေးပေးရာမှာဘိုးအင်းကုမ္ပဏီဘက်ကလှည့်ဖြားမှုတွေရှိနေတယ်လို့ မိသားစုတွေရဲ့ရှေ့နေတွေကပြောပါတယ်။ ဘိုးအင်းကိုတရားမစွဲဖို့ စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးပေးအောင် မိသားစုတွေကို မြူဆွယ်နေတယ်လို့လည်းသိရပါတယ်။ ဘိုးအင်းဘက်ကတော့ သဘောတူချက်တွေနဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက် မပြုသေးပါဘူး။ (၂၀၁၈)ခုနှစ်၊ အောက်တိုဘာ(၂၉)ရက်မှာအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာကနေ ထွက်ခွာပြီး (၁၃)မိနစ်အကြာမှာ ဘိုးအင်း737 Maxလေယာဉ်ပျက်ကျလို့ လေယာဉ်ပေါ်ပါသွားတဲ့ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း(၁၈၉)ယောက်စလုံးသေဆုံးခဲ့ပါတယ်။ ပျက်ကျပြီးသီတင်းပတ်ပိုင်းအတွင်းမှာပဲ အာမခံရှေ့နေတွေက သေဆုံးသူတွေရဲ့မိသားစုတွေကိုနစ်နာကြေးပေးကြပါတယ်။ နစ်နာကြေးရဖို့ မိသားစုတွေအနေနဲ့ ဘိုးအင်းနဲ့လိုင်းယွန်းလေကြောင်းလိုင်းတို့ကိုတရားမစွဲဖို့ သဘောတူညီချက်တွေလက်မှတ်ထိုးရပါတယ်။ အင်ဒိုနီးရှားနဲ့အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုနှစ်ခုအတွက် ကျန်ရစ်သူမိသားစုတွေကို နစ်နာကြေးအမေရိကန်ဒေါ်လာသန်း(၁၀၀) ပေးသွားမယ်လို့ ဇူလိုင်(၃)ရက်မှာဘိုးအင်းကကတိပြုခဲ့ပါတယ်။

 

 

Related News