ရာဇ၀တ်မှုကျုးလွန်ထားသူများကို ကိုယ်တိုင်ကိုယ်ကျ သုတ်သင်သတ်ဖြတ်ခဲ့ဖူး ကြောင်း  ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ဖွင့်ဟပြောကြားလိုက်ပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာထိပ်တန်းအရာရှိတစ်ဦးက ဖိလစ်ပိုင်သမ္မတ Duterte အား လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက် ကြောင်း ဒီဇင်ဘာလ (၂၁) ရက်နေ့က ထုတ်ပြန်လိုက်သည့် သတင်းများအရ သိရှိရသည်။  Davao မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အမျိုးသား (၃) ဦးအား ပစ်သတ်ခဲ့ဖူးသည်ဟု မကြာသေးမီရက်များက သမ္မတ Duterte ၏ ပြောကြားချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုငအာဏာပိုင်များအား ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး Zeid al-Hussein မှ  တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ Duterte က နိုင်ငံတွင်းရှိ ရဲအရာရှိများအနေဖြင့် ၄င်းအား အတု ယူနိုင်ရန် ရည်ရွယ်ပြီး ယခင်က ၄င်းကိုယ်တိုင် Davao မြို့တ၀ိုက် ဆိုင်ကယ်တစ်စင်းနှင့် လှည့်လည်ကာ သတ်ဖြတ်ရမည့် ရာဇ၀တ်သားများအား လိုက်လံရှာဖွေခဲ့ကြောင်း မကြာသေးခင် ကမှ မိန့်ခွန်းများအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သမ္မတ Duterte ၏ ၀န်ခံပြောဆိုချက်သည် နိုင်ငံတကာဥပဒေအား တိုက်ရိုက်ချိုးဖောက်ရာရောက်ပြီး သတ်ဖြတ်မှုများအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေခြင်းကို မည်သည့်နိုင်ငံကမှ သည်းခံမည်မဟုတ် သကဲ့သို့ တရားဥပဒေအထက်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မရှိဟူသော အမှာစကားကို ပါးနိုင်ရန်အတွက်   Duterte အား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူ ရမည်ဖြစ်ကြောင်း ကုသလမဂ္ဂလူ့အခွင့်အရေးထိပ်တန်းအရာရှိ Zeid မှ အလေးအနက်ထား ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇွန်လကုန်မှစတင်ကာ သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ Duterte သည် ၄င်း၏မူးယစ်မှောင်ခိုသူများအား နှိမ်နင်းရေးအစီအစဉ်အရ ရဲတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် လူ (၂၀၀၀) နီးပါးသေဆုံးခဲ့ရသည့်အတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရှိရသည်။

Related News