မြောက်ကိုရီးယားရဲ့နျူကလီးယားစမ်းသပ်မှုကြောင့် အမေရိကန်ဦးဆောင်မှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ  မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုအသစ်တွေကို တရုတ်နိုင်ငံဘက်က ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးပြုလုပ်ထားတဲ့ နျူကလီးယားစမ်းသပ်ပစ်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့လိုက်တဲ့ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းရှူးက စက်တင်ဘာလ(၁၂)ရက်မှာ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ စက်တင်ဘာလ(၃)ရက် ကပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ် မှုဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ယခင်ကဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ အတွက် မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ကုလသမဂ်္ဂလုံခြုံရေးကောင်စီက စက်တင်ဘာလ(၁၁)ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။
 
လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကိုထင်ဟပ်နေပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို နိုင်ငံတကာကထောက်ခံနေတယ်လို့ကျန်းရှူးကပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ကိုရီးယားကျွန်းဆွယ်အရေးကို နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်းတွေသုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ကို တိုက်တွန်းတာဖြစ်ပြီး တရုတ်၊မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ရုရှားနဲ့အမေ၇ိကန်စတဲ့နိုင်ငံ(၆)နိုင်ငံရဲ့ ဆွေးနွေးမှုကို ဆက်လုပ်ဖို့ တရုတ်ဘက်ကလိုလားနေတဲ့အပြင် ကိုရီးယားကျွန်းဆွယ်ရဲ့တင်းမာမှုတွေကိုလျော့ချဖို့ဆောင်ရွက်ရမယ့်ကိစ္စတွေကို အလေးပေးလုပ်ဆောင်နေတာဖြစ်တယ်လို့ကျန်းရှူးကပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံ ဘက်က အပြည့်အ၀လိုက်နာ ဆောင်ရွက်သွားမယ်လို့လည်း ကျန်းရှူးက ပြောပါတယ်။ 
 
 
 

Related News