Android စနစ်အတွက် Super Mario Run ဂိမ်းထုတ်ပြန်ကြေညာမည့်ရက်ကို Nintendo America မှ လူမှုကွန်ယက်ပေါ်တွင် ယနေ့ အတည်ပြုဖော်ပြခဲ့ကြောင်း သိရသည်။ Nintendo ၏ လူကြိုက်များသော မိုဘိုင်း Mario ဂိမ်းကို လွန်ခဲ့နှစ် ဒီဇင်ဘာလက iOS 8.0 သို့မဟုတ် ၄င်းထက်မြင့်သော လည်ပတ်စနစ်မောင်းနှင်ထားသည့် Apple ကိရိယာများအတွက် သီးသန့်ထုတ်ပေးခဲ့ရာ ပရိသတ်များ၏ ရောနှောနေသောအယူအဆဖြင့်လက်ခံခြင်းကို တွေ့ကြုံခဲ့ရပြီး၊ အများစုက ဈေးနှုန်းကြီးမြင့်မှုအတွက် စောဒကတက်ခဲ့ကြကြောင်း သိရသည်။ ယခုအခါ Android စနစ်အတွက် ၄င်းဂိမ်းအား မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာပေးရန် Nintendo မှ အတည်ပြုပေးခဲ့သည်။

Nintendo အနေဖြင့် လူကြိုက်များသော မိုဘိုင်းဂိမ်းကို Android စနစ်အတွက် ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း ၄င်းပလက်ဖေါင်းတွင် ခိုးယူအသုံးပြုမှုမြင့်မားသည့်အခြေအနေကို စိုးရိမ်ပူပန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် iOS နှင့်နှိုင်းယှဉ်လျှင် ထုတ်ပေးသည့်ရက် လွန်စွာနောက်ကျနေရခြင်းဖြစ်သည်။ မတ်လ ၂၃ ရက်နေ့သည် ဂိမ်းအားတရားဝင်ထုတ်ပေးသည့်နေ့ရက်မျှမကပဲ ဂိမ်းဗားရှင်း 2.0 ကို စတင်ထုတ်ပေးသည့်ရက်လည်းဖြစ်ကာ အချို့သော အပိုဆောင်း feature များပါဝင်လာမည်ဖြစ်ကြောင်းနှင့် ၄င်းတို့အနက်တစ်ချို့မှာ ခိုးယူသုံးစွဲမှုကိုကာကွယ်သည့်အချက်များ ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါ ဂိမ်းဗားရှင်းသစ်တွင် ကစားမည့် ဇတ်ကောင်သစ်များပါဝင်လာဖွယ်ရှိကြောင်း ကောလဟာလသတင်းများထွက်ပေါ်နေသော်လည်း မည်သည့် အပိုဆောင်း feature များပါဝင်လာမည်ကို Nintendo မှ အတည်ပြုပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။ အစမ်းဆော့ကစားသူများအတွက်လည်း အခက်အခဲကျော်လွှားကာ အချို့ဂိမ်းအခန်းများကို ဖွင့်လှစ်နိုင်မည့် အခွင့်အလမ်းများပါဝင်လာဖွယ်ရှိကြောင်း၊ Android ဗားရှင်းအတွက် ဈေးနှုန်းကို လတ်တလောမသိရှိရသေးကြောင်း သိရသည်။