လက်ရှိလီဗာပူးလ်အသင်းမှာခြေစွမ်းပြနေခဲ့တဲ့ ဘယ်နောက်ခံလူရော်ဘတ်ဆင်ဟာ(၂၀၁၂) ခုနှစ်ဝန်းကျင်လောက်က လက်မှတ် ရောင်းချခဲ့ရတဲ့ဘ၀ကနေ လက်ရှိမှာတော့စကော့တလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။လာမယ့်စက်တင်ဘာလ (၁၀) ရက်နေ့မှာယှဉ်ပြိုင်ကစားရမယ့် UEFA Nations League ပြိုင်ပွဲအတွက် စကော့တလန် လက်ရွေးစင်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံလူရော်ဘတ်ဆင်ကို အသင်းရဲ့လူစာရင်းမှာရွေးချယ်ခဲ့သလို၊ အသင်းခေါင်းဆောင်အဖြစ်လည်းခန့်အပ်ခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ မှာ စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂိုးမြို့မှာမွေးဖွားခဲ့တဲ့ရော်ဘတ်ဆင်ဟာ ငယ်စဉ်ကတည်းက၀ါသနာကိုအရင်း ပြုခဲ့သူတစ်ဦးဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်အရပ်အမောင်းဆိုင်ရာကြောင့် အခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါ တယ်။

(၂၀၀၆) ခုနှစ်ကနေ (၂၀၁၂) ခုနှစ်အထိ စကော့တလန်နိုင်ငံမှာရှိတဲ့စိန့်နီနီယန်အားကစားကျောင်းမှာ တက်ရောက်ခဲ့ပြီး၊ (၂၀၁၂) ခုနှစ်မှာတော့ စကောတ့လန်ကလပ် ဆဲလ်တစ်အသင်းရဲ့အကယ်ဒမီကိုရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းဆဲလ်တစ်အသင်းရဲ့ အကယ်ဒမီကနေ အကောင်သေးလွန်းတဲ့ ကိစ္စရပ်တွေကြောင့်ထုတ်ပယ်ခံခဲ့ရပြီး၊ စကော့တလန်လက်ရွေးစင်အသင်းရဲ့လက်မှတ်တွေနဲ့ ရော်ဘီဝီလီယံရဲ့ပြဇာတ်လက်မှတ်တွေကို ရောင်းချရင်းဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။ အားလပ်ချိန်တိုင်းမှာ ၀ါသနာကို အကောင်အထည်ဖော်ခဲ့တဲ့ ရော်ဘတ်ဆင်ကို (၂၀၁၂-၁၃) ဘောလုံးရာသီမှာတော့ စကော့တလန်တတိယတန်း ကလပ်အသင်းဖြစ်တဲ့ ကွင်းပါ့ခ်အ သင်းကခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုစတင်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ရော်ဘတ်ဆင်ဟာ ကွင်းပါ့ခ်အသင်းကနေ စကော့တလန်ပရီးမီးယားရှစ်ကလပ်ဒွန်ဒီးယူနိုက်တက်၊ အင်္ဂလန်ချန် ပီယံရှစ်ကလပ်ဟားလ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်အသင်းအထိ အမြင့်ဆုံးကိုရောက်ရှိ လာခဲ့ပါတယ်။ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာပါဝင်ခွင့်ရရှိခဲ့တဲ့ရော်ဘတ်ဆင်ဟာ လာမယ့်အနာဂတ်မှာလည်း လက်ရှိထက် ကြီးမားတဲ့ အောင်မြင်မှုတွေကိုပိုင်ဆိုင်ဦးမှာဖြစ် တယ်လို့ အားကစားကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

 

 

Related News