(၂၀၁၈) US အိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဟာ ဗိုလ်လုပွဲအဆင့်ထိရောက်ရှိနေပြီး ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်နဲ့ အာဂျင်တီးနားမှ ဒယ်ပိုထရိုတို့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ ဆားဘီးယားတင်းနစ်အကျော်မော်ဂျိုကိုဗစ်ဟာယခုနှစ် US အိုးပင်းမှာ နိုင်ခြေအဆင့်(၆)သာသတ်မှတ် ခံထားရပေမယ့် ပြိုင်ပွဲတလျောက်အကောင်းဆုံးလက်စွမ်းတွေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူ ဟာ US အိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲကို(၇)ကြိမ်ထိတက်ရောက်ထားပေမယ့် (၂)ကြိမ်သာဗိုလ်စွဲထားပြီး ယခုနှစ် ဗိုလ်လုပွဲတက်ရောက်မှုကတော့ (၈)ကြိမ်မြောက်တက်ရောက်တာဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ နိုင်ခြေအဆင့်(၆) သာသတ်မှတ်ခံထားရတဲ့အတွက် ပွဲစဉ်အကျပ်ထဲကိုရောက်ရှိမှာဖြစ်ပေမယ့် ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် နိုင်ခြေအဆင့်(၂) ရော်ဂျာဖက်ဒါးရားဟာ စတုတ္ထအဆင့်မှာ ဂျွန်မီလာကို ရှုံးနိမ့်ခဲ့တဲ့အတွက် ကွာတားဖိုင်နယ်မှာ ဂျွန်မီလာနဲ့သာယှဉ်ပြိုင်ခဲ့ရပါတယ်။ ဂျိုကိုဗစ်ဟာ ကွာတားဖိုင်နယ်မှာ ဂျွန်မီလာကို အခက်အခဲမရှိကျော်ဖြတ်နိုင် ခဲ့သလို ဆီးမီးဖိုင်နယ်မှာလည်း နိုင်ခြေအဆင့်(၂၁) နီရှီကိုရီကို (၃)ပွဲပြတ်နဲ့အနိုင်ယူခဲ့ပါတယ်။ သူဟာ ယခုနှစ် ၀င်ဘယ်ဒန်မှာလည်းဗိုလ်စွဲထားသူဖြစ်ပြီး(၂၀၁၆)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်တစ်နှစ်အတွင်းဂရမ်းစလန်း (၂)ခုဆက်ဗိုလ်စွဲဖို့အခွင့်အရေးရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ US အိုးပင်းမှာသာဗိုလ်စွဲမယ်ဆိုရင် ဂရမ်းစလန်း ဆုဖလားအများဆုံးရရှိထားသူစာရင်းမှာ ဆုဖလား(၁၄)လုံးနဲ့ အမေရိကန်မှ ဆမ်ပါရက်ရဲ့ စံချိန်ကိုလိုက်မှသွား မှာဖြစ်ပါတယ်။

ဂျိုကိုဗစ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် နိုင်ခြေအဆင့်(၃) အာဂျင်တီးနားမှ ဒယ်ပိုထရိုဟာ ဆီးမီးဖိုင်နယ်မှာ နိုင်ခြေအဆင့်(၁) ရာဖေးလ်နာဒယ်ရဲ့ ပွဲယှဉ်ပြိုင်ချိန်အတွင်း ဒဏ်ရာရရှိ မှုကြောင့် (၂)ပွဲပြတ်နဲ့ အနိုင်ရရှိကာ (၂၀၀၉)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂရမ်းစလန်းဗိုလ်လုပွဲ တက်ရောက်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးဂရမ်းစလန်းဆုဖလားကို (၂၀၀၉)ခုနှစ် US အိုးပင်းမှာရရှိထားပြီး နောက်တစ်ကြိမ်ဂရမ်းစလန်းဆုကိုလည်း ယခုနှစ် US အိုးပင်းမှာ ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ယခုနှစ် US အိုးပင်းပြိုင်ပွဲရဲ့ဗိုလ်လုပွဲကတော့ စက်တင်ဘာလ(၉)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

 

 

Related News