ရီးရဲယ်လ်မက်ဒရစ်တောင်ပံကစားသမားဂါရတ်ဘေးလ်ဟာ လက်ရှိအပြောင်းအရွှေ့မှာအသင်းကနေ ထွက်ခွာလိုနေပြီး၊ ဂါရတ်ဘေးလ်ရဲ့ အသင်းကနေထွက်ခွာနိုင်တဲ့အခြေအနေဟာ အလွန်နီးစပ်လာတယ်လို့ နည်းပြဇီဒန်းက ဖွင့်ဟခဲ့ပါတယ်။အသက် (၃၀) အရွယ်၊ ဝေးလ်လက်ရွေးစင်တောင်ပံကစားသမားဂါရတ်ဘေးလ်ဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းကနေ ထွက်ခွာ လိုကြောင်းတရားဝင်ထုတ်ပြန်ထားခဲ့သလို၊ ဘိုင်ယန်မြူးနစ်အသင်းကို (၃) ဂိုး (၁) ဂိုး နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြဇီဒန်းရဲ့ ပြောကြားမှုတွေအရလည်း ဂါရတ်ဘေးလ်ရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖို့ အတော်နီးစပ်လာပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ အသင်းကနေမကြာမီအချိန်အတွင်းမှာ ထွက်ခွာနိုင် ဖို့မျှော်လင့်ထားပြီး၊ ဒါဟာသူ့အတွက်ရော အသင်းအတွက်ပါ အကောင်းဆုံး အခြေအနေတစ်ခုဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ကိုခေါ်ယူလိုတဲ့ကလပ်အသင်းတွေနဲ့လည်း မိမိတို့အနေနဲ့ လာမယ့် ရက်ပိုင်းမှာ စတင်ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိကြောင်း နည်းပြဇီဒန်းကပြောကြားထားခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ (၂၀၁၃-၁၄) ဘောလုံးရာ သီက စပါးစ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရီးရဲယ်လ် မက်ဒရစ်အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး၊ (၆) ရာသီအတွင်း ပွဲစဉ်ပေါင်း (၂၃၁) ပွဲမှာ သွင်းဂိုးပေါင်း (၁၀၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ အသင်းကနေ ထွက်ခွာလို နေတာကြောင့် အသင်းရဲ့ပြည်ပခြေစမ်းခရီးစဉ်ကို လိုက်ပါခဲ့ပေမယ့်လည်း မပျော်ရွှင်တဲ့ အပြုအမူတွေကိုမြင်တွေ့ခဲ့ရမှုကြောင့် နည်းပြဇီဒန်းဟာလည်း ဂါရတ်ဘေးလ်ကိုရောင်းချသွားဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲယ်လ်မက်ဒရစ် အသင်းဟာ ဂါရတ်ဘေးလ်ကိုရောင်းချရမှုကနေ ပြောင်းရွှေ့ကြေးများစွာရရှိဖို့မျှော်လင့်နေခဲ့ပြီး၊ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် မန်ယူ၊ အသင်းဟောင်းစပါးစ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တရုတ်စူပါလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

 

 

Related News