ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူ့အိမ်ရာရောင်းချမှုမှာ တစ်လခွဲအတွင်း လျှောက်ထားသူတွေ သောင်းချီရှိတယ်လို့သိရပါတယ်။ ဒီအိမ်ရာလျှောက်ထားမှုဖောင်တွေကိုတော့ လာမယ့်သင်္ကြန်အပြီးမှာ စိစစ်ရွေးချယ်မှုတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ပြည်သူ့အိမ်ရာစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်မရှိသူတွေအတွက် လုပ်ဆောင်ပေးနေတဲ့ စီမံကိန်းပါ။ လက်ရှိရောင်းချတဲ့အသုတ်မှာ အိမ်ခန်း(၁၀၀၀)ရောင်းချပေးသွား ဖြစ်ပြီး ဈေးနှုန်းကတော့ ကျပ်သိန်း(၁၀၀)ခန့်ဖြစ်ပါတယ်။

အစိုးရက ဆောက်လုပ်ပေးတဲ့ ဒီပြည်သူ့အိမ်ရာတွေကိုတော့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဥက္ကဌအဖြစ် တာဝန်ယူကာ ရောင်းချပေးနေတာပါ။ ဒီအတွက် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ် တွေက ထောက်ခံမှုတွေနဲ့အတူ လျှောက်လွှာတွေကို လက်ခံပေးနေတာလည်းဖြစ်ပါတယ်။

လျှောက်ထားမှုတွေကိုတော့ ဖေဖော်ဝါရီ(၁၅)ရက်ကနေ မတ်လ(၁၅)ရက်ထိ တစ်လတာလက်ခံဖို့ သတ်မှတ်ထားခဲ့ပေမယ့် လျှောက်ထားမှုတွေများတာကြောင့် မတ်လ(၃၀)ရက်ထိ အချိန်ထပ်တိုး ပေးခဲ့ရာ လက်ရှိမှာအိမ်ရာလျှောက်ထားမှု သောင်းချီရှိနေပြီးဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။အိမ်ရာဝယ်ယူဖို့ဖောင်တွေကိုထုတ်ပေးရာမှာ  ခရိုင်(၁)ခုအတွက် အရေအတွက်တစ်သောင်း နှုန်းနဲ့ခရိုင်(၄)ခရိုင်အတွက် ဖောင်အရေအတွက်(၄)သောင်း ထုတ်ပေး ထားခဲ့တယ်လို့လည်း သိရပါတယ်။ အိမ်ရာဝယ်တဲ့ဖောင်တွေကိုစုစည်းကာ သင်္ကြန်ပြီးလောက်မှာ အမြန် အစည်းဝေး ခေါ်ယူပြီး သတ်မှတ်ချက်ပါစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိ၊မရှိကို စိစစ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

စည်းကမ်းချက်တွေနဲ့ကိုက်ညီပြည့်စုံမှုရှိတဲ့ဖောင်တွေကို ရွေးချယ်ကာ အရင်ရောင်းချပေး သွားမယ်လို့သိရပါတယ်။ ဘယ်လို ရွေးချယ်သွားမလဲဆိုတာကိုတော့ ကော်မတီက ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောပါတယ်။ခုအသုတ်မှာ ဖောင်စည်းကမ်းချက်နဲ့ကိုက်ညီပေမယ့် မရလိုက်တဲ့သူတွေဟာ နောက်အသုတ်တွေရောင်းချမှုမှာ ဖောင်နောက်ထပ် ထပ်တင်စရာမလို့တော့ဘဲ တန်းစီစနစ်နဲ့ ဒီဖောင်တွေကို ဦးစားပေးရောင်းချပေးသွားမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါ့ပြင် အငှားအိမ်ရာ တွေနဲ့တန်ဖိုးနည်းတွေ ဖော်ဆောင်ဖို့ကို ဆက်လက်တိုက်တွန်းပေးသွား မယ်လို့ လွှတ်တော်အမတ် ဦးညီညီကပြောပါတယ်။

ခုရောင်းချမယ့် အိမ်ရာတွေကတော့ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာ ဖြစ်ပါတယ်။ အိမ်ရာတွေကို  ၂၀ရာခိုင်နှုန်း လက်ငင်းငွေချေပြီး ကျန်တာကို အရစ်ကျပေးသွင်းရမှာဖြစ်ပြီး၊ လက်ငင်းဝယ်ယူလိုသူ တွေကိုလည်း တန်းဖိုးရဲ့(၃)ရာခိုင်နှုန်းလျှော့ပေးဖို့ ပြောကြားထားပြီး ၀န်ကြီးက လက်ခံပေးထား တယ်လို့ လွှတ်တော်အမတ် ဦးညီညီကပြောပါတယ်။

 

 

Related News