ပြီးခဲ့တဲ့နှစ်ကဖရဲ ၊သခွားဈေးတွေကျဆင်းတာကြောင့် ဆုံးရှုံးမှုတွေများခဲ့ရပြီး ဒီနှစ်မှာဈေးကွက်ပြန်လည် အဆင်ပြေစေဖို့တောင်သူတွေ မျှော်လင့်နေကြတယ်လို့သိရပါတယ်။ မကြာခင်မှာ ဖရဲ၊ သခွား စိုက်ပျိုးရာသီရောက်ရှိတော့မှာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘု တလင်မြို့နယ်က တောင်သူတွေကတော့ဖရဲ၊ သခွားစိုက်ပျိုးဖို့ကို ပြင်ဆင်နေကြပါပြီ။ မနှစ်ကဖရဲ၊ သခွားဈေးနှုန်းကျဆင်းခဲ့တဲ့အတွက် ဒီနှစ်လည်း ဈေးကျမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။ မနှစ်ကဆုံးရှုံးမှုတွေကို ကြည့်ရင်တောင်သူတွေမှာ သွင်းအားစုဖြစ်တဲ့(ဓါတ်မြေသြဇာနှင့်စိုက်ပျိုးရေးသုံးဆေးဝါး)၊မျိုးစေ့နဲ့ဈေးကွက်အာ မခံချက်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။

 တောင်သူတွေမှာ တရုတ်ဝယ်လိုအားကိုအားထားရောင်းချနေရပြီး ခိုင်မာတဲ့ဈေးကွက်မရှိသေးဘူးလို့ သိရပါတယ်။ ဘုတလင်မြို့နယ်ကတောင်သူ ကိုသစ္စာကတော့ ယခုနှစ်ဖရဲ၊သခွားစိုက်ပျိုးဖို့အတွက် မြေပြင်ဆင်တဲ့အဆင့်၊သဘာဝမြေသြဇာမိုက်ခရုပ်မွေးတဲ့အဆင့်နဲ့ရေအရင်းအမြစ်ရှာတဲ့အဆင့်တွေကို စတင်ဆောင်ရွက်နေပြီ ဆိုပါတယ်။ မတ်ပဲနဲ့ပဲစင်းငုံဈေးကွက်ကျဆင်းခဲ့တဲ့နောက်စိုက်ပျိုးရေးအမယ်သီးနှံတွေစိုက်ပျိုးဖို့ရာ တောင်သူတွေအနေနဲ့ ရှာဖွေနေကြရတယ်လို့ သိရပါတယ်။ ဖရဲ၊သခွားကိုလည်းထွက်ပေါက်တစ်ခုအနေနဲ့ အားထည့်စိုက်ပျိုးနေကြတယ်လို့ ဆိုပါတယ်။

တောင်သူတွေကမျိုးစေ့နဲ့ ပတ်သက်ပြီးပြည်ပကဝယ်ယူရတဲ့အခါစိုက်ဧကနဲ့အချက်အလက်တွေကိုကိုပြည်ပကနေခန့်မှန်းသိရှိနိုင်တယ်လို့သိရပြီး ဒါကိုကျော်လွှားနိုင်ဖို့မျိုးစေ့ဥပဒေအသက်ဝင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဈေးကွက်ပြုလုပ်ရာမှာလည်းကြားခံအာမခံပေးမယ့် ကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းမျိုးတွေရှိဖို့လိုအပ်တယ်လို့ စိုက်ပျိုးရေးကဏ္ဍသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန့်စင်ဦးကပြောပါတယ်။ ဖရဲ၊ သခွားဟာစိုက်ကာလအပါအဝင်ဆို(၇)လနီးပါးကြာမြင့်ပြီးစက်တင်ဘာလလောက်က စတင်စိုက်ပျိုးပြီးဧပြီလအကုန်မှာ ရာသီသိမ်းတယ်လို့ သိရပါတယ်။ ဘုတလင်မြို့နယ်မှာပြီးခဲ့တဲ့နှစ်က ဖရဲ၊ သခွားကိုဧက(၃)ထောင်ကျော်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတောင်သူတွေအပြင် စိုက်ပျိုးရေးကုမ္ပဏီအချို့ကလည်း မြေကွက်ငှားရမ်းကာ နိုင်ငံခြားသားစိုက်ပျိုးရေးကျွမ်းကျင်သူတွေ ခေါ်ယူစိုက်ပျိုးကြတယ်လို့သိရပါတယ်။

 တောင်သူတွေအနေနဲ့ ဒီလိုယှဉ်ပြိုင်စိုက်ပျိုးလာရတဲ့အချိန်မှာ ဒေသစိုက်နည်းတွေထက် နည်းပညာလေ့လာစိုက်ပျိုးကြဖို့ လိုအပ်လာပြီလို့သိရပါတယ်။ယခုနှစ်ဖရဲ၊သခွားစိုက်ပျိုးရေးကဏ္ဍအဆင်ပြေရေး ရာသီကြိုညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ(၂၂)ရက်ကစစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဘုတလင်မြို့နယ်က ဌာနဆိုင်ရာနဲ့ တောင်သူတွေဆွေးနွေးခဲ့ကြပါတယ်။

 

 

 

Related News