ဈေးပြင်ပလမ်းတွေမှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေထံမှတရားမ၀င်အခွန်ကောက်ခံနေတာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ(၂၀၁၈)နဲ့ ထိရောက်စွာအရေးယူသွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားထားပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးအများစုရဲ့ဈေးအပြင်ဘက်လမ်းမ၊ လမ်းဘေးတွေမှာ ဈေးရောင်းချနေတဲ့လမ်းဘေးဈေးသည်တွေရှိနေပြီး တစ်ချို့ဈေးတွေမှာ အဆိုပါလမ်းဘေးဈေးသည်တွေကို အခွန်ကောက်ခံတာ တွေရှိနေတယ်လို့ သိရပါတယ်။

ဒီလိုလမ်းဘေး ဈေးရောင်းချနေသူတွေအပေါ် တရားမ၀င်အခွန်ကောက်ခံနေ တာတွေရှိရင် ထိထိရောက်ရောက်အရေးယူ နိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။လက်ရှိမှာ ဈေးတွေကို အဆင့်မြှင်တင်ဖို့လုပ်ဆောင်နေပြီး လမ်းဘေးဈေးရောင်းချနေသူတွေကို ဈေးတွေမှာ နေရာချထားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။  လမ်းတွေဟာ လမ်းလျှောက်ဖို့နဲ့ ကားသွားဖို့သာဖြစ်ပြီး နောက်ပိုင်းမှာ စည်ကမ်းမဲ့ ဈေးရောင်းချနေမှုတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ(၂၀၁၈)နဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး ဥပဒေကို အသိပညာပေးဖို့စတင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 

ရန်ကုန်မြို့တာ် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)ဟာ ထိရောက်တဲ့ဥပဒေတစ်ရပ်ဖြစ်သလို ရန်ကုန်မြို့တော်အနာဂတ်အတွက်လည်း အရေးကြီးတယ်လို့ဆိုပါတယ်။ ဒီဥပဒေမှာ ထိရောက်တဲ့ပြစ်မှုပြစ်ဒဏ်တွေပါရှိလို့ ဥပဒေနဲ့အညီ စည်းကမ်းဘောင်ထဲကိုရောက်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီ့အပေါ်ဈေးသည်တချို့ကခုလိုဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေ(၂၀၁၈)ကို အများပြည်သူတွေသိရှိနားလည်အောင်  အသိပညာပေးတာတွေကို  မြို့နယ်အသီးသီးမှာ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အသိပညာပေးကာလပြီးနောက်မှာတော့ ဥပဒေအတိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဈေးကိစ္စတွေအပါအ၀င် ကဏ္ဍအသီးသီးကို ထိထိရောက်ရောက် ကြပ်မတ်အရေးယူဆောင်ရွက်သွားတော့မှာလည်းဖြစ်ပါတယ်။  ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းက ဈေးတွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ဒီဈေးတွေမှာ ကားပါကင်တွေပါထည့်သွင်းဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

 

 

 

Related News