စစ်ကိုင်းမြို့ မာန်ကျည်းစဉ်ရပ်မှာ ကြိမ်လက်မှုလုပ်ငန်းလုပ်ကိုင်သူ အတော်များများရှိပါတယ်။ ဒီအထဲက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေကြသူတွေအနေနဲ့  ကုန်ချောဈေးကွက်ကောင်းမွန်တာကြောင့် လုပ်ငန်းအဆင်ပြေ နေကြတယ်လို့သိရပါတယ်။ စစ်ကိုင်းမြို့၊ မာန်ကျည်းစဉ်ရပ်မှာ ကြိမ်လက်မှုလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်(၄၀)ကျော်လောက်ရှိနေပါတယ်။ အဲဒီအထဲမှာ ဦးစိုးတင့်ကတော့ တစ်နိုင်တစ်ပိုင်ကြိမ်လက်မှုလုပ်ငန်းကိုလုပ်နေသူတစ်ဦးပါ။ သူက မိသားစု တစ်နိုင်တစ်ပိုင် ကြိမ်လက်မှုလုပ်ငန်းကို နှစ် ၂၀ကျော်ကြာလုပ်ကိုင်ခဲ့သူပါ။ အရင်က မိသားစုအခြေအနေမှာ မပြေလည်မှုများစွာရှိခဲ့တယ်လို့ ဦးစိုးတင့်ကဆိုပါတယ်။

ဒီကြိမ်လက်မှုလုပ်ငန်းကို တစ်စိုက်မတ်မတ်ရင်းနှီးကြိုးစားခဲ့ရပြီးနောက် အခုလက်ရှိအခြေအနေမှာ လုပ်ငန်းလည်းအဆင်ပြေနေပြီလို့ ဦးစိုးတင့်က ဆိုပါတယ်။ စစ်ကိုင်းမြို့ မာန်ကျည်းစဉ်ရပ်မှာ လက်မှုကြိမ်ထည်ပစ္စည်း အမျိုးအစားအစုံ ထွက်ရှိပါတယ်။ အိမ်တွင်း ပရိဘောဂ နဲ့ အသုံးအဆောင်လက်မှုကြိမ်ထည်တွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုးတင့်ကတော့ကြိမ်ထိုင်ခုံတွေနဲ့ လက်ဆောင်ခြင်းတွေ အများဆုံးပြုလုပ်နေတာပါ။ ကြိမ်လက်မှုလုပ်ငန်းတွေအတွက် ကုန်ကြမ်းက ကြိမ်ကြီး၊ ကြိမ်သေး အမျိုးအစားအလိုက် ပဲခူးရိုးမ၊ မြစ်ကြီးနားနဲ့ ဗန်းမော်က ထွက်ရှိတယ်လို့သိရပါတယ်။ ကုန်ချောဈေးကွက်ကိုတော့ မူဆယ်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး နဲ့ ရန်ကုန်ကိုတင်ပို့တယ်လို့ပြောပါတယ်။ ဝယ်ယူသူဖောက်သည်တွေ အမြဲရှိနေပြီး အခါကြီးရက်ကြီးနဲ့ ပွဲတော်ရက်တွေမှာ အရောင်းအဝယ်ပိုကောင်းတယ်လို့ ပြောပါတယ်။ 

မာန်ကျည်းစဉ်ရပ်က ကြိမ်လက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူဒေသခံ ရာဂဏန်းရှိနေတယ်လို့သိရပါတယ်။ ကြိမ်လက်မှုလုပ်ငန်းတွေက တစ်နှစ်ပတ်လုံးလုပ်ကိုင်နိုင်ပြီးဈေးကွက်လည်း ကောင်းမွန်လာတာကြောင့် အနီးဝန်းကျင်ကဒေသခံတော်တော်များများကို အလုပ်အကိုင်ပေးနိုင်လာတယ်လို့သိရပါတယ်။ ကြိမ်လက်မှုပညာ အလုပ်ကို အမျိုးသားရောအမျိုးသမီးပါ လုပ်ကိုင်နိုင်ပါတယ်။

ကြိမ်ထိုင်ခုံတစ်လုံးဖြစ်ဖို့ ကြိမ်ခြစ်၊ နန်းခွဲ၊ နန်းဆွဲ၊ ခေါင်းခွေ၊ အကွက်ဖော်၊ ဗန်ချပ်ထိုး၊ ပုံစံရိုက်၊ မီးတိုက်နဲ့ အရောင်တင်တာတွေကို အဆင့်ဆင့်လုပ်ကိုင် ရတာဖြစ်ပါတယ်။ အခုလိုတစ်နိုင်တစ်ပိုင်ကြိမ်လုပ်ငန်းတွေရှိနေတဲ့အတွက် စားဝတ်နေရေးအတွက်တော့ အဆင်ပြေကြတယ်လို့ ဒေသခံ ကြိမ်လက်မှုပညာအလုပ်လုပ်ကိုင်ကြသူတွေကဆိုပါတယ်။ အခုလိုကြိမ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို မကွေးတိုင်းဒေသကြီးရှိ မြစ်ခြေ နဲ့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွေမှာ အများဆုံး လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ 

 

 

 

Related News