မြန်မာနိုင်ငံ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)တွေက ထုတ်လုပ်ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံတချို့က မှာယူမှုတွေ ရှိနေတယ်လို့ သတ္တမအကြိမ်မြောက် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့တာပါ။ ဒီအတွက် အစိုးရအနေနဲ့ ပြည်ပကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသနိုင်အောင် စီစဉ်ပေးနေပြီး နိုင်ငံတကာဈေးကွက်ရရှိအောင်  ပံ့ပိုးကူညီပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။(MSME)တွေရဲ့ သတ္တမအကြိမ်မြောက် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ရန်ကုန်မြို့၊ သာကေတမြို့နယ်က Myanmar Expo ခန်းမမှာ  နိုဝင်ဘာ(၁၆)ရက်က ဖွင့်ပွဲအခမ်းအနားပြုလုပ်စဉ်   ဒုတိယသမ္မတ ဦးမြင့်ဆွေက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ(MSME)လုပ်ငန်းတွေက ထုတ်လုပ်ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတချို့ကို တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်နိုင်ငံက အခြားကုန်စည်ပြပွဲတွေမှာ သွားရောက်ပြသခဲ့ရာမှာ ပါဝင်ပြသခဲ့တဲ့လုပ်ငန်းတွေက ထုတ်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံက မှာယူမှုတွေရရှိခဲ့ပြီး  လက်ရှိမှာ ကုန်ပစ္စည်းတွေပိုမိုထုတ်လုပ်နေကြရတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တာပါ။ ဒါ့အပြင် မြန်မာ့(MSME)လုပ်ငန်းတွေ ပြည်ပကုန်စည်ပြပွဲတွေကို  သွားရောက်ပြသပြီး နိုင်ငံတကာဈေးကွက်ရရှိအောင်ပံ့ပိုပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒ့ါအပြင် ဂျပန်နဲ့မြန်မာ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုနဲ့ ဂျပန်က ကုန်ပစ္စည်းတွေဝယ်ယူနိုင်ဖို့၊ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ မြန်မာနိုင်ငံက ထုတ်ကုန်အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနိုင်ဖို့နဲ့ ထုတ်ကုန်ပစ္စည်းတွေဖြန့်ဖြူးဖို့၊ ထုတ်ကုန်ပစ္စည်းတွေ ဂျပန်ကိုရောင်းချနိုင်ဖို့ ရေရှည်ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြောပါတယ်။  (MSME)လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ချေးငွေတွေရရှိအောင်လည်း ဘဏ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး ဒီပွဲမှာ အလားအလာရှိတဲ့ MSME လုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  ရွေးချယ်ထောက်ခံမှုနှင့်အတူ ဘဏ်တွေက တိုက်ရိုက်ငွေထုတ်ချေးပေးခဲ့ပါတယ်။

ဒီပြပွဲမှာတော့ (MSME)လုပ်ငန်းပေါင်း(၃၀၀)ကျော်က ထုတ်လုပ်တဲ့  ပစ္စည်းအမျိုးအမည်ပေါင်း (၂၀၀)ကျော်ကို ခင်းကျင်းပြသရောင်းချပေးနေတယ်လို့ သိရပါတယ်။ လက်ရှိဂျပန်နိုင်ငံ၊တိုကျိုမြို့မှာ ပြုလုပ်နေဆဲဖြစ်တဲ့ အာဆီယံနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်အစည်းအဝေးနဲ့ ထုတ်ကုန်ပစ္စည်းပြပွဲမှာ စက်ပစ္စည်း ကိရိယာထုတ်လုပ်မှုကဏ္ဍ၊ လူသုံးကုန်ပစ္စည်း၊ အထည်အလိပ်နဲ့ စားသာက်ကုန်ထုတ်လုပ်မှုကဏ္ဍတွေအတွက် ပြည်တွင်းက ဆုရ(MSME)လုပ်ငန်းရှင်(၁၀)ဦးကိုပါဝင် လေ့လာတတ်ရောက်ဖို့ စေလွှတ်ထားတယ်လို့လည်း သိရပါတယ်။ 

 

 

Related News