ဥရောပဈေးကွက်ကိုဦးတည်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ စက်ရုံတွေ လာဆောက် ဖို့ မေးမြန်းနေကြပေမယ့် EU GSP မသေချာမှုကြောင့် ပြန်လည်သုံးသပ်နေကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက ပေးထားတဲ့ ကုန်သွယ်ခွင့်အထူးအခွင့်အရေး(GSP) သာ ဆက်ရှိပါက အထူးသဖြင့် ဥရောပဈေးကွက်ပို့ မယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ၀င်ရောက်လာဖို့ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ထံက သိရပါတယ်။လက်နက်ခဲယမ်းမှအပ ကျန်ပစ္စည်းများ အခွန်(၁၃)ရာခိုင်နှုန်းကင်းလွတ်ခွင့်နဲ့ အကန့်အသတ်မရှိ တင်ပို့ခွင့် (GSP) ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ် မှ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

GSP မရခင်၂၀၁၃ခုနှစ် ရှေ့ပိုင်းက ပြည်တွင်းမှာ လက်ခစား အထည်ချုပ် လုပ်ငန်း (၂၂)ခုအပါအ၀င် EU ဈေးကွက်ကိုပို့နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံ (၂၄)ခု သာရှိပြီး အလုပ်အကိုင် နှစ်သောင်းကျော် သာ ဖန်တီးပေး နိုင်ခဲ့ပါတယ်။၂၀၁၃ခုနှစ်နောက်ပိုင်းမှာတော့ EU ဈေးကွက် ကို ပို့နေတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စက်ရုံ(၃၀၅)ရုံအထိ ရှိလာခဲ့ပြီး အလုပ်သမား(၃)သိန်းနီးပါးအထိ အလုပ်အကိုင်ပေးထား နိုင်တာဖြစ် ပါတယ်။EU GSP ကြောင့်  နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကနေ လူတစ်ထောင်မှာ(၆)ယောက်ကို အလုပ်အကိုင် ပေးထားနိုင်တဲ့အခြေအနေ ဖြစ်ပြီး GSP အခွင့်အရေးဆက်ရဖို့က အရေးကြီးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကပြော ပါတယ်။အစိုးရရဲ့အချက်အလက်တွေအရ အနီးစပ်ဆုံး၂၀၁၇ခုနှစ်မှာ မြန်မာ့ပြည်ပပို့ကုန်ရဲ့ (၈.၈)ရာခိုင်နှုန်းက ဥရောပသမဂ္ဂ (EU) နိုင်ငံတွေဖြစ်ပြီး ယူရို(၁.၃)ဘီလီယံဝန်းကျင်ရှိခဲ့ပါတယ်။

ဒီထဲက ၉၅ ရာခိုင်နှုန်းက ကုန်သွယ်မှုအထူးအခွင့်အရေး GSP အစီအစဉ် အောက်က ပို့ထားတာလို့သိရပါတယ်။ဒီအခွင့်အရေးပြန်လည်ရုပ်သိမ်းခံရရင် အထည်ချုပ်ကဏ္ဍအပါအ၀င် ကဏ္ဍ(၈)ခုလောက်ကိုထိခိုက်နိုင်ပြီး ပြည်တွင်း လုပ်သားခုနှစ်သိန်း ကျော် အပေါ်သက်ရောက်မှု တွေရှိနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ ၂၀၁၇မှာ အထည်ချုပ်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ (၂.၇)ဘီလီယံဖိုး ပြည်ပတင်ပို့နိုင်ခဲ့ပြီး ဒီထဲက (၁.၂) ဘီလီယံကျော်က ဥရောပဈေးကွက်ဖြစ်ပါတယ်။ဒါကြောင့် GSP ပြန်ရုပ်သိမ်းရင် စက်ရုံ (၆၀၀)၀န်းကျင်နဲ့ လုပ်သား(၅)သိန်းဝန်းကျင်ရှိတဲ့ အထည်ချုပ်ကဏ္ဍက အဓိက သက်ရောက်မှာဖြစ်နိုင်မယ်လို့သုံးသပ်ကြပါတယ်။မြန်မာနိုင်ငံကိုပေးထားတဲ့ GSP EBA  နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့EU ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မြန်မာနိုင်ငံကို အချက်အလက်လာရောက်ကောက်ယူထားပါတယ်။ ပြန်လည် သုံးသပ်တဲ့ ကာလကတော့ (၆)လ၀န်းကျင် ကြာမြင့်ဖို့ရှိပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ (၁၉၉၇)ခုနှစ်က အဓမ္မစေခိုင်းမှုတွေရှိတယ်ဆို တဲ့အချက်နဲ့ GSP ပြန်လည်ရုပ်သိမ်းခဲ့ဖူးပြီး ၂၀၁၃ခုနှစ်ရောက်မှ ဒီအခွင့် အရေးကိုပြန်လည်ပေးခဲ့တာဖြစ်ပါတယ်။

 

 

Related News