မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)က ဦးစီးပြုလုပ်တဲ့ ကျွဲ၊ နွား မွေးမြူ ထုတ်လုပ်တင်ပို့ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဧပြီလ (၉) ရက်က မန္တလေး Perfect Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ကျွဲ၊ နွားတင်ပို့ခြင်းရောင်းချခြင်းကို (၂၀၁၈)ခုနှစ် အောက်တိုဘာလကစတင်ပြီး မူဆယ်လမ်းကြောင်းကနေတရား ဝင်တင်ပို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ ဒီလိုတရားဝင်ရောင်းချခွင့်ပြုထားပေမယ့် တရားမဝင်ရောင်းချမှုတွေရှိနေပြီး မြန်မာနိုင်ငံဖက်မှတရားဝင်တင်ပို့ပေမယ့် တရုတ်နိုင်ငံကတရားဝင်ဝယ်ယူတာမဟုတ်တဲ့အတွက်ဖမ်းဆီးတာတွေ ရှိလာတယ်လို့ဆိုပါတယ်။ ဒီလိုဖမ်းဆီးတဲ့အတွက်ကျွဲ၊နွားတွေဟာမူဆယ်နယ်စပ်မှာပဲပိတ်မိနေပြီး မရောင်းရတဲ့အတွက်တင်ပို့ရောင်းချသူတွေအရှုံးပေါ်နေပြီး ငွေကြေးအရပါ ဆုံးရှုံးတဲ့အနေအထားကို တွေ့နေရတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်ကျွဲ၊နွားဈေးကွက်ဖော်ဆောင်နိုင်ရန်၊ တရားမဝင်တင်ပို့မှုတွေကိုတရားဝင်လမ်းကြောင်းပေါ်ကိုရောက်ရှိစေရန်၊ တောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်ရန် ရည်ရွယ်ပြီးပြုလုပ်ရတာဖြစ်တယ်လို့မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌဒေါက်တာကျော်ထင် က ပြောပါတယ်။

အခုပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေ၊ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တို့က မွေးမြူရေးလုပ်ငန်းအဖွဲ့က တာဝန်ရှိသူတွေ၊ ကျွဲ၊ နွား တင်ပို့ရောင်းချသူတွေနဲ့ မွေးမြူသူတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ဒီဆွေးနွေးပွဲမှာ အခုလက်ရှိ လမ်းကြောင်းထက်ပိုပြီးကောင်းတဲ့ လမ်းကြောင်းတစ်ခုထပ်မံဖွင့်ပေးဖို့၊ တင်ပို့သူ၊ ရောင်းချသူဈေးကွက် ဖြစ်ပေါ်လာစေဖို့ စတဲ့အကြောင်းအရာတွေဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကျွဲ၊ နွားတင်ပို့ရောင်းချရာမှာ ယာယီမှတ်ပုံတင်ထားတဲ့ ကျွဲ၊ နွား စုဆောင်းရေးခြံတွေမှာ သတ်မှတ်ချက်အတိုင်း အဆင့်ဆင့်စစ်ဆေးခြင်း၊ ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းတွေ ပြုလုပ်ပြီး တစ်ကြိမ်ကို ကောင်ရေ(၁၀၀) စုဆောင်းကာ စတင်ခွင့်ပြုသည့်နေ့မှ သုံးလအတွင်း ရောင်းချခွင့်ပြုတယ်လို့သိရပါတယ်။

 

 

Related News