ကမာကောင်၊ ခရုခွံတွေနဲ့ ပြုလုပ်ရတဲ့ ကနုကမာ လက်မှုပစ္စည်းတွေကို နိုင်ငံခြားသားတွေက စိတ်ဝင်စားမှုများပြီး ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။ပင်လယ်သတ္တ၀ါတွေဖြစ်တဲ့ ကမာကောင် ခရု စတဲ့ အကောင်တွေရဲ့ အခွံတွေနဲ့ ပြုလုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဈေးကွက်ထဲမှာ စိတ်ဝင်စားမှုရရှိနေပြီး ရှစ်ဆယ်ရာခိုင်နှုန်းက နိုင်ငံခြားသားတွေဝယ်ယူပြီး နှစ်ဆယ်ရာခိုင်နှုန်းကတော့ ပြည်တွင်းက ၀ယ်ယူအားပေးမှုရှိတယ်လို့ သိရပါတယ်။ မြန်မာ့လက်မှုပစ္စည်းတွေဖြစ်တဲ့အတွက် ပြည်ပနိုင်ငံတွေကပါ စိတ်ဝင်စားကြတဲ့အတွက် ပြည်ပပို့ကုန်အဖြစ် ပုံမှန်တင်ပို့ရောင်းချနေရတယ်လို့ နီနီကနုကမာဆိုင်မှ တာဝန်ခံ မမွန်မွန်သန့်မှ အခုလိုပြောပါတယ်။

လိုအပ်တဲ့ကုန်ကြမ်းတွေကို အစိုးရစီမှ လေလံစနစ်နဲ့ ၀ယ်ယူရတယ်လို့ သိရပါတယ်။ လုပ်ငန်းရဲ့ အဓိက စိန်ခေါ်မှုကတော့ ကုန်ကြမ်းအခက်အခဲဖြစ်ပြီး ကုန်ကြမ်းလိုသလောက်ရရှိနိုင်ရင်တော့ ပိုအဆင်ပြေလာနိုင်မယ်လို့ ပြောပါတယ်။ သဘာဝထွက်ရှိတဲ့ အကောင်တွေကနေ ပြုလုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက်များစွာအထောက်အကူပြုနိုင်တယ်လို့လည်း နီနီကနုကမာဆိုင်မှ တာဝန်ခံ မမွန်မွန်သန့်မှ ပြောပါတယ်။

အနုပညာ လက်ရာမြောက်တဲ့ ကနုကမာပစ္စည်းတွေကို နိုင်ငံခြားသားအများဆုံးကို နေ့စဉ်ရောင်းချနေရပြီးအခုနောက်ပိုင်းမှာ  ပြည်တွင်းကလဲ စိတ်ဝင်စားလာကြတယ်လို့ နီနီကနုကမာဆိုင်မှ အရောင်းတာဝန်ခံ မအေးစန္ဒာထွန်းကပြောပါတယ်။

ကနုကမာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ ခက်ရင်း ခေါင်းဘီး ဖိုတိုစတန်း ဟိုတယ်သုံးပစ္စည်းအမျိုးမျိုး အပူခံအပြား နေအိမ်အလှဆင်တဲ့ပစ္စည်းအမျိုးမျိုး အစရှိတဲ့ လူသုံးကုန်ပစ္စည်းအမျိုးပေါင်း (50)ကျော်ကို  နီနီကနုကမာဆိုင်မှာရရှိနိုင်ပြီး ဈေးနှုန်းတွေကတော့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ငွေကျပ် ထောင်ဂဏန်းကနေ သိန်းကဏန်းထိ ရှိတယ်လို့ သိရပါတယ်။

 

 

Related News