အိုင်ဗရီကို့စ် နိုင်ငံက စားသုံးရန်မသင့် ဟုဆိုကာ ဖျက်ဆီးခဲ့တဲ့ မြန်မာ့ဆန်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧပြီလ (၂၂)ရက်မှာ ရှင်းလင်းတစ်ခုပွဲပြုလုပ်ကာ ရှင်းလင်းခဲ့ပါတယ်။ဒီဆန်တွေဟာ FOP စနစ်နဲ့ တင်ပို့တာဖြစ်လို့ မြန်မာနိုင်ငံဘက်က ရောင်းချသူတွေက သင်္ဘောပေါ်ဆန်တင်ပြီးပါက တာဝန်မရှိတော့ကြောင်း။ ဒါပေမယ့် အခုကိစ္စကြောင့် မြန်မာ့ဆန်အပေါ် သက်ရောက်မှုရှိတာကြောင့် နိုင်ငံတကာဝယ်လက်က်ုလည်း ရှင်းလင်းပေးဖို့ ပြောထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဆန်တွေဟာ နိုင်ငံတကာအရည်အသွေးထောက်ခံချက်တွေနဲ့အညီ ဖြစ်ပြီး အိုင်ဗရီကို့စ်နိုင်ငံအနေနဲ့ အရည်အသွေးမပြည့်မီတဲ့အကြောင်းရင်းမရှင်းပြသလို မြန်မာနိုင်ငံကိုလည်းမဆက်သွယ်ကာ စားသုံးရန်မသင့်ဟု ကြေညာဖျက်ဆီးလိုက်တဲ့ အပေါ် သံတမန်နည်းအရဆက်ဆောင်ရွက်မယ်လို့အခုရှင်းလင်းပွဲကိုပြုလုပ်သူတွေက ပြောပါတယ်။

ဝယ်လက် အိုလမ် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကဆန်တန်ချိန် (၂၂၀၀၀) ကို အာဖရိကနိုင်ငံ ဂီနီကိုတင်ပို့ဖို့ (၂၀၁၈)ခုနှစ် သြဂုတ်လမှာ ရန်ကုန်ဆိပ်ကမ်းကနေ ဆန်တင်ဆောင်ခဲ့တာဖြစ်ပြီး ဆန်တင်ချိန်မှာ သင်္ဘောရဲ့အခြေအနေဟာ အိုဟောင်းနေပြီဖြစ်သလို မိုးမိခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ (၂၀၁၈)ခုနှစ် စက်တင်ဘာ (၁၅)ရက်မှာ ရန်ကုန်ကထွက်ခွာသွားပြီး နောက် အိန္ဒိယနိုင်ငံမှာလည်း ဆန်ထပ်တင်ကာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာမှာ ဂီနီကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဂီနီနိုင်ငံမှာ ဆန်အိတ်တစ်ချို့ချပြီးနောက် အရည်အသွေး မမီတဲ့ကိစ္စတွေပေါ်ပေါက်လာပြီးနောက် ဒီသင်္ဘောဟာ အခြားအာဖရိကနိုင်ငံတွေကို လနဲ့ချီပြီး လှည့်ရောင်းနေခဲ့တာလို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူကပြောပါတယ်။အခုအာဖရိကကိုပို့တဲ့ဆန်ဟာ (၂၅)မတ်တန်းနိမ့်ဆန်ဖြစ်ပါတယ်။ ဂီနီနိုင်ငံက မဝယ်ယူတဲ့ကိစ္စကို ဇန်နဝါရီလလောက်က စတင်သိရှိခဲ့ပြီးနောက် ဝယ်လက်ဘက်က မြန်မာနိုင်ငံကို ပြန်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ခွင့်ပြုပေးခဲ့ပေမယ့် သင်္ဘောဟာ ပြန်မရောက်လာပဲ အခြားအာဖရိကနိုင်ငံတွေကို လှည့်လည်ရောင်းချခဲ့တာဖြစ်ပြီး နောက်ဆုံး အိုင်ဗရီကို့စ်နိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

 

 

Related News