ငါးမဖမ်းရရာသီကို ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ပိတ်ပင်သွားမှာဖြစ်ပြီး ငါးဖမ်းရေယာဉ်ထွက်ခွင့်ကိုလည်း သုညရာခိုင်နှုန်းအထိ လျှော့ချထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ငါးပုစွန်သားပေါက်ဖွားတဲ့ ရာသီချိန်မှာ ငါးသားပေါက်တွေနဲ့ သက်ရှိသယံဇာတတွေကို ထိန်းသိမ်းနိုင်ရေးအတွက် ယခုလို ငါးမဖမ်းရရာသီ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ငါးမဖမ်းရ ဧရိယာတွေကိုလည်း သတ်မှတ်ထုတ်ပြန်ထားပြီး အဲ့ဒီနေရာတွေမှာ ငါး၊ ပုစွန် ဖမ်းဆီးနေတာတွေကို တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးမဖမ်းရရာသီအတွင်း မည့်သည့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်ကိုမဆို ငါးဖမ်းထွက်ခွင့်ပြုမှာ မဟုတ်ဘဲ ရာနှုန်းပြည့်ပိတ်ပင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုံးကတော့ ငါးမဖမ်းရ ရာသီသတ်မှတ်ပြီးရင် ငါးဖမ်းလုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ငါးဖမ်းရေယာဉ်ထွက်ခွင့် ၂၀ ရာခိုင်နှုန်းပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ကစပြီး ငါးမဖမ်းရ ရာသီကို သုံးလအပြည့် ပိတ်တဲ့အပြင် ငါးဖမ်းရေယာဉ်ထွက်ခွင့်ကိုလည်း သုညရာခိုင်နှုန်းအထိ လျှော့ချလိုက်တာကြောင့် ငါးဖမ်းလုပ်သားတွေအတွက် အခက်အခဲဖြစ်ဖွယ်ရှိတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက ပြည်တွင်း၊ ပြည်ပကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်တွေကို မုတ်သုံရာသီဥတုဆိုးရွာချိန်အတွင်း ခိုလှုံခွင့်ပြုရာနေရာတွေ သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေမှာ ခိုလှုံတာကို အကြောင်းပြပြီး ကမ်းနီးဒေသတွေအတွင်း ငါးဖမ်းဆီးတာတွေ့ရှိရင် အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News