Myanmar Coffee Association က ဦးစီးပြီး ပထမအကြိမ် မြန်မာကော်ဖီအခန်းဆက်(Coffee Next)ဆွေးနွေးပွဲကို ဇူလိုင်လ (၁၇)ရက်က ရန်ကုန်မြို့ Melia Hotel မှာပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံကော်ဖီအသင်းအနေနဲ့ လက်ရှိမှာ ပြည်တွင်းထုတ်ကော်ဖီတွေကို နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ဖို့အတွက် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ ပြည်ပတင်ပို့ခြင်းကဏ္ဍတွေတိုးတက်စေဖို့ကို ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ ကော်ဖီသီးနှံဟာ တန်ဖိုးမြင့်စက်မှုသီးနှံတစ်မျိုးဖြစ်တာကြောင့် စိုက်ပျိုးမှုနဲ့ ရောင်းချမှုဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ နိုင်ငံခြားဝင်ငွေလည်းပိုမိုရရှိလာမှာဖြစ်သလို ကော်ဖီစိုက်တောင်သူတွေ၊ လုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ် ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာကော်ဖီကို သောက်သုံးသူပိုမိုများပြားလာစေရန်၊ အရည်အသွေးမြင့် ကော်ဖီကို ပြည်သူတွေ ပိုမိုစိတ်ဝင်စားလာစေရန်နဲ့ မြန်မာ့ကော်ဖီလောက ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာတော့  ပြည်တွင်းရဲ့ကော်ဖီစိုက်ပျိုးမှုထုတ်လုပ်မှုအခြေအနေဟာ အရင်ကထက်များလာသလို ရောင်းအား တိုးတက်လာတဲ့ အကြောင်းအရာတွေ၊ ကော်ဖီနဲ့ပတ်သက်ပြီး ထုတ်လုပ်စိုက်ပျိုးမှုအကြောင်းအရာတွေကို ဆွေးနွေးခဲ့သလို အမေးအဖြေကဏ္ဍတွေလည်း ထည့်သွင်းကျင်းပခဲ့တာပါ။မြန်မာနိုင်ငံကော်ဖီအသင်းအနေနဲ့  ကော်ဖီဈေးကွက်ပိုမိုရရှိစေဖို့အပြင် ကော်ဖီစိုက်တောင်သူတွေအဆင်ပြေစေဖို့အတွက် ဟောပြောပွဲတွေ၊ ကော်ဖီဖျော်ပြိုင်ပွဲတွေ၊ကော်ဖီဖျော်သင်တန်းတွေလည်း လုပ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်။

 

 

Related News