၂၀၁၈ခုနှစ်အတွင်းရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများအနက် ဆန်ကာတင်ရုပ်ရှင်ဇာတ်ကား (၂၀)မှ သရုပ်ဆောင်များကိုရွေးချယ်ကာ Star Awards ဆုချီးမြှင့်သွားမယ်လို့ ဇန်န၀ါရီလ(၉)ရက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်က YANGON GALLERY မှာပြုလုပ်ခဲ့တဲ့ Star Awards သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ Star Awards ဆုချီးမြှင့်တဲ့ အစီအစဉ်ကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက ပထမဆုံးအကြိမ်ဦးစီးကျင်းပတာဖြစ်ပြီး Steller Seven Entertainment မှ Organizer အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၈၃)ကားအနက်မှ ဆန်ကာတင်ကား (၂၀)ကို ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေက မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ဆုအမျိုးအစား (၁၅)ဆုကို ရွေးချယ်သွားမယ်လို့သိရပါတယ်။

ဆုရွေးချယ်သတ်မှတ်ရာမှာလည်း ဆန်ကာတင် ရုပ်ရှင်ဇာတ်ကားများကို  တစ်ကားချင်းကြည့်ရှုပြီး ရုပ်ရှင်ပညာရှင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမှ ဆုရွေးချယ်ရေးကော်မတီများရဲ့  အကဲဖြတ်အမှတ်များဖြင့် ရွေးချယ်ချီးမြှင့်သွားမှာဖြစ်တဲ့ အပြင် ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်ကြည့်ပရိသတ်တွေကပေးတဲ့ မဲတွေကို ရွေးချယ်ကာ ဆုတွေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအနေနဲ့ Star Awards ဆုရွေးချယ်ရေး မူကြမ်းရေးဆွဲရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် (၂၀၁၈)ခုနှစ် အတွင်း အစည်းအဝေး(၃)ကြိမ်တိုင် ကျင်းပခဲ့ပြီး ဆုရွေးချယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ စီစဉ်ခဲ့တယ်လို့သိရပါတယ်။ဆုကြေးအနေနဲ့ ဆုအမျိုးအစားပေါ်ရွေးချယ်ပြီး တစ်ဆုကို ငွေကျပ် သိန်း(၅၀)စီ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပြီး ဆုအမျိုးအစားမှာ အရေအတွက် (၁၅)ဆုဖြစ်တယ်လို့ သိရပါတယ်။Star Awards ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် ဧပြီလ (၅)ရက်မှာ Thuwunnabhumi Event Park မှာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ယမင်းအဉ္ဇလီကပေးပို့ထားတာဖြစ်ပါတယ်။

 

 

Related News