ခေတ်ဟောင်းကင်မရာပြပွဲကို ဧပြီလ(၂၃)ရက်မှ (၂၅)ရက်အထိ (၃)ရက်ကြာ မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြသနေတာ ဖြစ်ပါတယ်။အခုပြုလုပ်နေတဲ့ ခေတ်ဟောင်းကင်မရာပြပွဲမှာ ဓါတ်ပုံပညာရပ်နဲ့ ဓါတ်ပုံအနုပညာအတွက် အခြေခံမရှိမဖြစ် ကိရိယာဖြစ်တဲ့ ကင်မရာအဆင့်ဆင့် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အဆင့်လိုက်ပြသထားတာဖြစ်ပြီး နှစ်အလိုက်စုဆောင်းထားတဲ့ ကင်မရာတွေ၊ ရှေးခေတ်ရှားပါးကင်မရာတွေရဲ့ဓာတ်ပုံ၊ ရုပ်ပုံကားချပ်တွေ၊ ဖလင်ကင်မရာခေတ်က ဓာတ်ပုံတစ်ပုံရရှိဖို့ ဆောင်ရွက်ရတဲ့ ပြကွက်တွေ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ ဖလင်အမျိုးအစားနဲ့ ဖလင်ဓါတ်ပုံတွေကိုလည်း ပြသထားတာ ဖြစ်ပါတယ်။ ဒီပြပွဲကိုကျောင်းသားလူငယ်တွေ၊ ဓါတ်ပုံဝါသနာရှင်တွေ၊ ကင်မရာနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူတွေအတွက် ဗဟုသုတရရှိစေဖို့ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ ကင်မရာစုဆောင်းသူ ဦးကျော်သက်မင်းက ပြောပါတယ်။

ခေတ်ဟောင်းကင်မရာပြပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး အခု မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြပွဲမှာကင်မရာအလုံးပေါင်း(၂၀၀)ကျော်ကို Box Camera၊ Folding Camera စတဲ့ ကင်မရာအမျိုးအစားအလိုက် ခွဲခြားပြသထားပြီး ကင်မရာတွေအပြင်ရှေးခေတ် အဖြူအမဲဓါတ်ပုံနဲ့ကာလာဓါတ်ပုံ(၂၀၀)ဝန်းကျင်ကိုလည်း ထည့်သွင်းပြသထားတယ်လို့ သိရပါတယ်။အခုပြုလုပ်နေတဲ့ ခေတ်ဟောင်းကင်မရာပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ဖွင့်လှစ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပြပွဲကို  နံနက်(၉း၃၀)နာရီမှ ညနေ(၅း၀၀)နာရီထိ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်တယ်လို့ သိရပါတယ်။

 

 

Related News