မြို့မအမျိုးသားကျောင်းရာပြည့်သဘင်ကျင်းပနိုင်ဖို့အတွက် လုပ်ငန်းကော်မတီရုံးခန်းဖွင့်လှစ်ပွဲကို ဇူလိုင်လ(၂၁)ရက်က အ.ထ.က(၂)ဒဂုံ၊မြို့မကျောင်းမှာပြုလုပ်ခဲ့ပါတယ်။လာမယ့် (၂၀၂၀)ခုနှစ်မှာတော့ မြို့မအမျိုးသားကျောင်းဟာနှစ်တစ်ရာပြည့်မှာဖြစ်ပါတယ်။ မြို့မကျောင်းရာပြည့်ပွဲတော်ကျင်းပနိုင်ဖို့အတွက် (၂၀၁၆)ခုနှစ်ကတည်းက စီမံချက်ရေးဆွဲပြီး စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရာပြည့်အကြိုပြုလုပ်တဲ့ပွဲတော်တွေမှာတော့နှစ်စဉ် စတိတ်ရှိုး၊အားကစားပွဲ၊စာစီစာကုံးပြိုင်ပွဲတွေနဲ့ စတုဒီသာကျွေးမွေးမှုတွေကိုလည်း ကျောင်းသား၊ကျောင်းသူဟောင်းတွေကနေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။မြို့မကျောင်းရာပြည့်ပွဲတော်ကျင်းပနိုင်ရေးအတွက်လည်း အ.ထ.က(၂)ဒဂုံ၊ အ.ထ.က(၃)ဒဂုံစတဲ့ကျောင်း(၂)ကျောင်းမှ ပညာသင်ကြားခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူဟောင်းတွေက လုပ်ငန်းကော်မတီ၊ဆပ်ကော်မတီတွေဖွဲ့စည်းပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။မြို့မကျောင်းရာပြည့်အကြိုပွဲတော်ကိုလည်း လာမယ့်အမျိုးသားနေ့မှာထပ်မံကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။(၂၀၂၀)ခုနှစ်၊ဒီဇင်ဘာ(၁၇)ရက်မှာပြုလုပ်မယ့် မြို့မကျောင်းနှစ်တစ်ရာပြည့်ပွဲတော်ကို အရင်နှစ်တွေနဲ့မတူတဲ့ မော်ကွန်း၊ကျောက်စာ၊ပြခန်း၊ပြတိုက်၊ပြိုင်ပွဲအစရှိတာတွေကို ကဏ္ဍအလိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News