မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ပံ့ပိုးကူညီမယ့်စပွန်ဆာကုမ္ပဏီတွေကို နိုဝင်ဘာလကုန် ကစပြီး လက်ခံပေးနေပြီဖြစ်ပြီး ဒီဇင်ဘာလ(၁၅)ရက်မှာ နောက်ဆုံးထားပေးပို့ခွင့်ပြုထားတယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ စပွန်ဆာပေးလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ အရည်သွေးနှင့် ခန့်မှန်းတန်ဖိုးနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လှူဒါန်းမည့်ငွေပမာဏစတာတွေအပေါ်အခြေခံပြီး အိတ်ဖွင့်တင်ဒါဈေးပြိုင် စနစ်နဲ့ စိစစ်ရွေးချယ်သွားမယ်လို့သိရပါတယ်။
 
ဒါ့အပြင် Main Sponsor  အဖြစ်အရွေးချယ်ခံရမယ့် ကုမ္ပဏီလုပ်ငန်းအနေနဲ့ ရွေးချယ်တဲ့နေ့မှာပဲ အခမ်းအနားနေရာ၊ အခမ်းအနားစင်မြင့်၊အခမ်းအနား အပြင်အဆင်တို့အတွက် ကုန်ကျစရိတ်အပါအ၀င် ရုပ်ရှင် အစည်းအရုံးကို လှူဒါန်းမည့်ငွေပမာဏတို့ပါဝင်မဲ့ စာချုပ်နဲ့ အာမခံကြေးကျပ်သိန်း (၁၀၀) တင်သွင်းကာ ရုပ်ရှင်အစည်းအရုံးနဲ့ လုပ်ငန်းအကြိုသဘောတူညီမှု စာချုပ်ချုပ်ဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။တင်ပြလာတဲ့ အဆိုပြုလျှောက်လွှာတွေကို လက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီကိုတော့ ရုပ်ရှင်အစည်းအရုံးနာယကနဲ့ အမှုဆောင်(၅)ဦးနဲ့အတူ ဖွဲ့စည်းပြီးဖြစ်တယ်လို့သိရပါတယ်။
 
ကော်မတီ အနေနဲ့တော့ ပွင့်လင်းမြင်သာစွာ လျှောက်လွှာတွေကိုဖွင့်ဖောက်ရွေးချယ်သွားမှာဖြစ်ပြီး  လျှောက်လွှာဖွင့်ဖောက် တဲ့နေ့မှာ စိတ်ဝင်စားတဲ့ အနုပညာရှင်တွေလည်းလာရောက်လေ့လာနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့်(၂၀၁၈)ခုနှစ်မတ်လမှာကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်အတွက် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကားပေါင်း (၅၀)ကျော်ရှိနေတယ်လို့သိရပါတယ်။ပွဲကျင်းပမယ့် နေရာကိုတော့ သတ်မှတ်ထားခြင်း မရှိသေးဘူးလို့သိရပါတယ်။
 
 
 

Related News