သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကဦးစီးဖွင့်လှစ်တဲ့ သဘင်ပညာရပ်များဆိုင်ရာ အခမဲ့သင်တန်းဆင်းပွဲကို ဇူလိုင်လ(၂၉)ရက်က ဗဟန်းမြို့နယ်မှာရှိတဲ့ အနုပညာအထက်တန်းကျောင်း ချင်းချောင်းဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အခုဖွင့်လှစ်တဲ့ သင်တန်းက ပထမဆုံးအကြိမ် အခမဲ့ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပြီး မြန်မာရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်စေဖို့နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို လူငယ်တွေ စိတ်ပါဝင်စားလာစေရန်အတွက်  ရည်ရွယ်သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဒီသင်တန်းမှာ မြန်မာရိုးရာယဉ်ကျေးမှု အခြေခံ အဆို၊ အကတွေ အပါအ၀င် သဘင်ပညာရပ်နဲ့ ပတ်သတ်တာတွေကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။သင်တန်းကာလအနေနဲ့ ဇွန်လကနေဇူလိုင်လအထိ အပတ်စဉ်စနေနဲ့တနင်္ဂနွေ နေ့တိုင်းမှာ ဖွင့်လှစ်သင်ကြား ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသင်တန်းကို သင်တန်းသားအယောက်(၁၀၀)ကျော် တက်ရောက် သင်ကြားခဲ့တာဖြစ်ပြီး နည်းပြဆရာတွေအနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်နဲ့ မန္တလေး)တို့မှ ဆရာ၊ဆရာမတွေ၊ ၀ါရင့်သဘင်ပညာရှင်တွေ စုစုပေါင်း နည်းပြဆရာ (၁၃)ဦးတို့က သင်ကြား ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သင်တန်းဆင်းပွဲမှာ အခြေခံအကသင်တန်းနဲ့ ဆင့်ပွားနည်းပြသင်တန်း တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားသင်တန်းသူတွေကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်ကြားပေးခဲ့ကြတဲ့နည်းပြ ဆရာ၊ဆရာမတွေကိုလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူတွေက ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေ ခြင်း၊ ရတုရွတ်ဖတ်ခြင်း၊ တေးသီချင်းသရုပ်ဖော်ကပြခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့ အခြေခံကဗျာလွတ်အက တို့နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ဒီသင်တန်းကို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအပြင် ပြင်ပမှ ၀ါသနာရှင်တွေပါ တက်ရောက်သင်ကြားခဲ့တာ ဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း အခုလိုမျိုးသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News