မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ရဲ့ ပထမအကြိမ်ညီလာခံနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ပွဲကို စက်တင် ဘာလ(၇)ရက်က ကျိုက္ကဆံအားကစားကွင်း အစည်းအဝေးခန်းမှာမှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အနေနဲ့ အခုလိုပထမဆုံးအကြိမ်အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်းကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ မြန်မာ့စက်ဘီးအားကစားဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အမှုဆောင် သစ်ရွေးချယ်ရာမှာ မဲနှိုက်ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌနေရာမှာ လက်ရှိဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က ဆက်လက် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့အပြင် အခုအမှုဆောင် ရွေးချယ်ပွဲမှာ ဒုဥက္ကဋ္ဌ(၁)၊ ဒုဥက္ကဋ္ဌ(၂)၊ ဒုဥက္ကဋ္ဌ(၃)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူး အပါအ၀င် အမှုဆောင်(၁၅)ဦးကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။ဒါ့အပြင် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်းအပြင် ပထမအကြိမ်ညီလာခံကိုပါ ကျင်းပခဲ့ပြီး ဒီညီလာခံမှာ စက်ဘီးအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအသစ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရွေးချယ် တင်မြောက်ထားတဲ့ အမှုဆောင်အဖွဲ့အနေနဲ့ အမှုဆောင်သက်တမ်း(၄)နှစ်တာ ကာလအတွင်း မျိုးဆက်သစ် ကစားသမားတွေ၊ နည်းပြတွေပေါ်ထွက်ဖို့၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ စက်ဘီးကစားကွင်းသစ် ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ရဲ့ပထမအကြိမ်ညီလာခံနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ပွဲကို မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ရေး ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေ၊ ရွေးချယ်ခံအမှု ဆောင်တွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက စက်ဘီးအားကစားအသင်းတွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ 

 

 

Related News