ရန်ကုန်မြို့မှာ  နိုင်ငံတကာ အဆင့်မီကားမှတ်တိုင်တွေ ဆောက်လုပ်နေဆဲဖြစ်ပြီး အများပြည်သူအတွက် တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်တဲ့ အချက်အလက်တွေကို ဒီမှတ်တိုင်တွေကနေ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြို့လမ်းမကြီးတွေမှာ ဘတ်စ်ကားမှတ်တိုင်(၅၀၀)ကို ဂျေစီဒယ်ဘလော့ကုမ္ပဏီက တင်ဒါအောင်ပြီး တာဝန်ယူဆောက်လုပ်နေတာ ဖြစ်ပါတယ်။ မှတ်တိုင်တွေမှာ  (Bus  Stand) နဲ့ မှတ်တိုင်နာမည်၊ မှတ်တိုင်ကိုဖြတ်သွားမယ့် YBSကားနံပါတ်နဲ့လမ်းကြောင်း၊ ကဏ္ဍအလိုက်အသိပညာပေးထုတ်ပြန်ချက် ဆိုင်းဘုတ်တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ ဖုန်းအား သွင်းလို့ရမယ့် ပလပ်ပေါက်တွေစတာတွေပါရှိတာလည်းဖြစ်ပါတယ်။

ဒီမှတ်တိုင်တွေကို နိုင်ငံတကာ အဆင့်မီ  ဆောက်လုပ်ပေးနေတာဖြစ်ပြီး လမ်းတစ်လမ်းရဲ့ ပရိဘောဂပစ္စည်းတစ်ခုအဖြစ်လည်းရှိနေ မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ဆောက်လုပ်ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို ဒီအတွက် ကြော်ငြာကပ်ခွင့်ရကာ ရတဲ့ငွေကြေးနဲ့ရပ်တည်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရရဲ့ရင်းနှီးမြှုပ်နှံမှုမပါဝင်သလို တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်တဲ့ အချက်အလက်တွေကိုလည်း အများပြည်သူအတွက် ဒီနေရာတွေကနေ ကြေညာပေးနိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်တိုင်အများစုဟာ လက်ရှိမှာ အမိုးအကာနဲ့ထိုင်စရာပါ(Bus  Stand)တွေမရှိတာနဲ့ ယိုယွင်းပျက်စီးနေတဲ့ မှတ်တိုင်တွေသာရှိတယ်လို့လည်း ခရီးသွားပြည်သူတွေက ဆိုပါတယ်။

(Bus  Stand)တွေမရှိလို့ကားရပ်စောင့်ရတဲ့အခါ ကြုံတွေရတဲ့ အခက်အခဲ၊လိုအပ်ချက်နဲ့သူတို့ရဲ့ဆန္ဒကိုလည်း ခရီးသွားပြည်သူတစ်ချို့က ခုလိုဆိုပါတယ်။လက်ရှိ ပုဂ္ဂလိက ကုမ္ပဏီကို တင်ဒါပေးဆောက်လုပ်နေတဲ့ မှတ်တိုင်တွေနဲ့ပတ်သက်ပြီး ကြော်ငြာဆိုင်းဘုတ်တိုင်တွေက ပလက်ဖောင်းအလယ် တည်ဖြစ်နေတာကို မဖြစ်အောင်လည်းဆွေးနွေးနေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ဆောက်လုပ်ပြီးတဲ့ မှတ်တိုင်တွေနဲ့ပတ်သက်လို့ ပုံမှန်သန့်ရှင်းရေးတွေ လုပ်ပေးမှာဖြစ်ပြီး အရင်းကြေတဲ့တစ်ချိန်ကျရင် မှတ်တိုင်တွေကိုတိုင်းဒေသကြီးအစိုးရကို ပြန်လည်အပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News