စက်သုံးဆီဈေးမြင့်တက်မှုကြောင့်အဝေးပြေးယာဉ်လိုင်းပိုင်ရှင်အချို့လက်မှတ်ရောင်းချရာမှာ အခက်အခဲတွေရှိနေတယ်လို့ ဒဂုံဧရာအဝေးပြေးမှ ယာဉ်လိုင်းပိုင်ရှင်အချို့က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကနေ ပြည်နယ်နှင့်တိုင်းအသီးသီးကို ပြေးဆွဲနေတဲ့အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ယာဉ်ပြေးဆွဲရာမှာ အခက်အခဲတွေရှိနေပါတယ်။

စက်သုံးဆီဈေးနှုန်းအနေနဲ့ အရင်က တစ်လီတာကို ငွေကျပ်(၅၀၀)ကနေ(၆၀၀)၀န်းကျင်သာရှိခဲ့ပြီး လက်ရှိမှာတစ်ထောင်ကျော်ဖြစ်နေတာကြောင့် လက်မှတ်ဈေးနှုန်းတက်ဖို့အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ ဒဂုံဧရာအဝေးပြေးကိုလာရောက်စီးနင်းကြတဲ့ ခရီးသည်အများစုဟာ အခြေခံလူတန်းစားတွေများတဲ့အတွက် လက်မှတ်ဈေးနှုန်းကို တက်ချင်တိုင်းတက်လို့မရတာကြောင့် ပုံမှန်သာပြေးဆွဲနေရတယ်လို့သိရပါတယ်။

ယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့ စက်သုံးဆီဈေးတက်တာတွေအပြင် ယာဉ်တစ်တစ်စီးထွက်တော့မယ်ဆိုရင် မြို့ဝင်ဂိတ်ကြေး၊ တံတားကြေးတွေကအစပေးဆောင်နေရတာကြောင့် တွက်ချေမကိုက်ဘူးလို့သိရပါတယ်။ ဒဂုံဧရာအဝေးပြေးကနေ မြန်အောင်ကို ပြေးဆွဲတဲ့ယာဉ်လိုင်းမှာတော့ ခရီးသည်တွေကို လက်မှတ်ခ ငွေကျပ်(၄၀၀၀)၀န်းကျင်အထိသာကောက်ခံရပြီး တစ်ခါတစ်လေမှာ လူခေါ်လာပေးတဲ့ သူတွေကို ပွဲစားခတွေပြန်ပေးရတာကြောင့် အဆင်ပြေမှုမရှိဘူးလို့ပြောပါတယ်။ဒဂုံဧရာအဝေးပြေးမှာ လက်ရှိပြေးဆွဲနေတဲ့ယာဉ်လိုင်းပေါင်း(၅၀)ကျော်က ယာဉ်စီးရေ(၈၀၀)နီးပါးနဲ့ ပြည်နယ်နှင့်တိုင်းအသီးသီးကိုပြေးဆွဲပေးလျှက်ရှိတယ်လို့သိရပါတယ်။

 

 

Related News