ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေး အသင်းတို့ ပူးပေါင်းရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားလုပ်ငန်းအမှတ်တံဆိပ်အသစ်ကို စက်တင်ဘာ ၁၅ ရက်က PullMan Yangon ဟိုတယ်မှာ တရားဝင်အခမ်းအနားနဲ့မိတ်ဆက်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းတစ်ခုလုံးအား ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်ကို Be Enchated စွဲမက်ဖွယ်ရာပြည်မြန်မာ ဆိုပြီး ပြောင်းလဲသုံးစွဲတော့မှာဖြစ်ပါတယ်။ အဲ့ဒီတံဆိပ်ကို ရေးဆွဲဖို့ တစ်နှစ်ခွဲခန့် အချိန်ပေးခဲ့ရပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကုန်အမှတ်တံဆိပ်အဖြစ် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ နယ်ပယ်တွေမှာ သုံးစွဲသွားမှာပါ။

ခရီးသွားလုပ်ငန်းအမှတ်တံဆပ်အသစ်ကို Mango Marketing က ဒီဇိုင်းပိုင်းဆိုင်ရာ တာဝန်ယူရေးဆွဲခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုသတ်မှတ်ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းကိုယ်စားပြု အမှတ်တံဆိပ်ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၃ခုနှစ်ကမှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး Let the Journey Begin လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှတ်တံဆိပ်က ယခုလက်ရှိ ခရီးသွားလုပ်ငန်းအခြေအနေနဲ့ မကိုက်ညီတော့တာကြောင့်  အမှတ်တံဆိပ်အသစ် Be Enchated စွဲမက်ဖွယ်ရာ ပြည်မြန်မာကို ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ပြောင်းလဲရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။Be Enchated စွဲမက်ဖွယ်ရာ ပြည်မြန်မာ အမှတ်တံဆိပ်ကို မြန်မာ့ခရီးသွားနယ်ပယ်ရဲ့ ပြယုဂ်အဖြစ် အသုံးပြုတော့မှာဖြစ်တာကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားတွေရဲ့ အမြင်ကို ဧပြီလအတွင်းက မေးမြန်းကောက်ယူခဲ့ပြီး သဘောကျနှစ်သက်မှုရှိကြောင်း စစ်တမ်းအရသိရပါတယ်။ ခရီးသွားလုပ်ငန်းကုန်အမှတ်တံဆိပ်အသစ်ကို ကိုရီးယား၊ ဂျပန်နဲ့ တရုတ်အပြင် ဥရောပနိုင်ငံတွေထံ တရားဝင်မိတ်ဆက်သွားမယ်လို့သိရပါတယ်။ မိတ်ဆက်ပွဲအခမ်းအနားကိုတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တက်ရောက်ခဲ့ပါတယ်။

 

 

 

Related News