အဂတိလိုက်စားတဲ့အကျင့်ဆိုးကနေ ရုန်းမထွက်နိုင်သေးသူတွေကို ထိထိရောက်ရောက် အရေးယူမှာ ဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က စက်တင်ဘာ (၁၆)ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ယောမင်းကြီးစကားဝိုင်း ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ဒါဟာ လူပုဂ္ဂိုလ်တွေ ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား တိုက်ဖျက်နေတာမျိုးမဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတစ်ခုကနေ ဆင်းရဲတဲ့အထိ ဖြစ်စေခဲ့တဲ့အဂတိအကျင့်ဆိုးကို ဖျောက်ဖျက်နေတာ ဖြစ်တယ်လို့ဦးအောင်ကြည်က ပြောပါတယ်။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ၄င်းရဲ့ပထမဆုံး ကတိသစ္စာပြုပွဲ မိန့်ခွန်းမှာ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရမှာ ဖြစ်တယ်လို့ပြောကြားထားသလို ကော်မရှင်အနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လည်း ပြီးခဲ့တဲ့ဧပြီလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်းထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတော့ ၂၀၁၇ နိုဝင်ဘာ(၂၃)ရက်က အဖွဲ့ဝင်(၁၂)ဦးနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးကော်မရှင်ရဲ့အကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာတော့ ၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေရဲ့ အချက်(၂၁)ချက်ကို ထပ်မံ ပြင်ဆင်ထား တာကြောင့် ကျော်ဇောသတင်းရှိသူတွေပါ စုံစမ်းစစ်ဆေးနိုင်ပြီဖြစ်ပါတယ်။Transparency International ရဲ့ မနှစ်က အဂတိလိုက်စားမှုအခြေအနေဆိုင်ရာအညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း(၁၈၀)မှာ အဆင့်(၁၃၀)မှာရှိနေပါတယ်။၂၀၁၆ခုနှစ်က အဆင့်(၁၃၆)ရခဲ့တာကြောင့် မနှစ်က အခြေအနေပိုမိုတိုးတက်ကောင်းမွန် လာတာဖြစ်ပြီး၂၀၁၁ခုနှစ်ကတော့ အဆင့်(၁၈၀)နဲ့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအခြေအနေ အညွှန်းကိန်း အဆိုးဆုံးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 

 

 

 

Related News