မှုခင်းသတင်းအချက်အလက်နှင့် မှတ်တမ်းဌာနစု (DCC) ရုံးသစ်ကို ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနဲ့ စက်မှု(၁)လမ်းထောင့်ရှိ ပြည်ထဲရေးဝန်ကြီးရုံးဟောင်းမှာ စက်တင်ဘာ (၁၆) ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ မှုခင်းသတင်းအချက်အလက်နှင့် မှတ်တမ်းဌာနစု (DCC) ရုံးအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)တို့ရဲ့ နည်းပညာပံ့ပိုးမှုနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရုံးအသစ်ဖွင့်ပွဲကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ယခင် ရုံးအဟောင်းက မူးယစ်ပြတိုက်မှာ (၂၀၀၇) ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခု ရုံးခန်းအသစ်ကိုတော့ ပြည်ထဲရေးဝန်ကြီးရုံးဟောင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။မှုခင်းသတင်းအချက်အလက်နှင့် မှတ်တမ်းဌာနစု (DCC) ရုံးခန်းမှာ မူးယစ်ဆေးဝါးအမှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ မူးယစ်ဆေးဝါးပြစ်မှုကြီးတွေကို သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)ကနေ ထောက်ပံ့တဲ့ မူးယစ်သတင်းအချက်အလက်များ စီမံခန့်ခွဲမှုစနစ်(CMIS)(စီမစ်စ်) နဲ့မှတ်တမ်းတင်ဆောင်ရွက်နေတာပါ။

DCC ရုံးခန်းရဲ့ စွမ်းဆောင်မှုကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းကို နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးအမှုတွေအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုပြုလုပ်နေတာတွေကို ခြေရာခံမိနိုင်ခဲ့တယ်လို့ သိရပါတယ်။မှုခင်းသတင်းအချက်အလက်နှင့် မှတ်တမ်းဌာနစုက အမှုတွဲအတွက်လိုအပ်တဲ့မူးယစ်သတင်းအချက်အလက်တွေကို မြန်မာတစ်နိုင်ငံလုံးရှိ မူးယစ်တပ်ဖွဲ့စု ငါးဆယ်ကျော်ထံ ဖြန့်ဝေပေးနေတယ်လို့သိရပါတယ်။

 

 

 

Related News