ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူရဲ့  အသား၊ ငါးစားသုံးမှုနှုန်းဟာ တစ်ရက်ကို ပိဿာချိန်(၆)သိန်းဝန်းကျင်ရှိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
အများပြည်သူအနေနဲ့ နေ့စဉ် စားသောက်မှုဆိုင်ရာလိုအပ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွက် အသား၊ ငါးစားသုံးမှုနှုန်းဟာ တစ်ရက်ကိုပိဿာချိန်(၆)သိန်း ၀န်းကျင်ရှိတယ်လို့ မြို့တော်ဝန်က  ပြောကြားခဲ့တာပါ။  ဒီထဲမှာ ငါး၊ပုဇွန်စားသုးံမှုက(၇၀)ရာခိုင်နှုန်းရှိပြီး ကြက်ဘဲက(၁၀)ရာခိုင်နှုန်း၊ ၀က်၊ အမဲ၊ ဆိတ်စတဲ့ အသားတွေက (၂၀)ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။ လက်ရှိ အများပြည်သူစားသုံးဖို့ တစ်နေ့တာလိုအပ်ချက်ကိုပဲ ခွင့်ပြုထုတ်လုပ်စေတာဖြစ်ပြီး ဈေးတွေမှာ စနစ်တကျနဲ့ဖြန့်ဖြူးရောင်းချဖို့ စီမံဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

အသားထုတ်လုပ်ရာမှာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွှတ်တဲ့ အသားထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်လာဖို့အပြင် ဒီလုပ်ငန်းတွေကို သီးခြားနေရာပေးပြီး ထုတ်လုပ်စေတာတွေကိုလုပ်ဆောင်ပေးဖို့ ရှိတယ်လို့ ရန်ကုန်မြို့တော်ဝန်က ဦးမောင်မောင်စိုးက ပြောကြားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူတွေအနေနဲ့ ဈေးတွေမှာ အသား၊ ငါးဝယ်ယူရတာနဲ့ပတ်သက်လို့ မွေးမြူသူတွေရောင်းချတဲ့ ဈေးထက်(၂)ဆနီးပါးပေးပြီးဝယ်စားနေရလို့ မရမ်းကုန်းမြို့နယ်အမတ် ဦးရန်ရှင်းက တိုင်းဒေသကြီးလွှတ်တော်မှာစက်တင်ဘာ(၁၃)ရက်က မေးခွန်းမေးမြန်းစဉ် ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ ၀ယ်ယူစားဖို့ ထုတ်လုပ်မှုတွေလုံလောက်ပေမယ့်  အသားဈေးနှုန်းကြီးမြင့်တာတွေကြောင့်  ငါး၊ ပုဇွန်ကိုသာ အများဆုံးစားဖြစ်နေတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသားစားသုံးမှုအချိုးအရ တစ်ရက်လျင်လူတစ်ဦးကို ငါး၊ပုစွန်က (၇)ကျပ်သားနှုန်းနဲ့  ပိဿာချိန် (၄၂၀၀၀၀)လေးသိန်းနှစ်သောင်းရှိပြီး၊ ကြက်ဘဲက (၁)ကျပ်သားနှုန်းနဲ့ ပိဿာချိန် ခြောက်သောင်း (၆၀၀၀၀)ရှိတယ်လို့သိရပါတယ်။ ၀က်သားက (၁.၅)ကျပ်သားနှုန်းနဲ့ ပိဿာချိန်ကိုးသောင်း (၉၀၀၀၀)၊ အမဲက(၀.၄)ကျပ်သားနှုန်းနဲ့ ပိဿာချိန်နှစ်သောင်းလေးထောင် (၂၄၀၀၀)၊သိုးဆိတ်က(၀.၁)ကျပ်သားနဲ့ပိဿာချိန် ခြောက်ထောင် (၆၀၀၀) ရှိတယ်လို့ သိရပါတယ်။

 

 

Related News