စက်သုံးဆီဈေး မြှင့်တက်တာနဲ့ ကုန်စည်ရရှိတာ နည်းနေတာကြောင့် အဝေးပြေးကုန်တင်ယာဉ်အချို့ရပ်တန့်ထားရတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းက သိရပါတယ်။မကွေးကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်လိုင်းတွေကတော့  သယ်ယူပို့ဆောင်ရမယ့် ကုန်စည်တွေရှိပေမယ့် စက်သုံးဆီဈေးမြှင့်တက်နေတာကြောင့်  ယာဉ်တွေမထွက်နိုင်ဘဲ ရပ်နားထားရတယ်လို့သိရပါတယ်။ ဒါ့ကြောင့် ကုန်စည်သယ်ဆောင်ခအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းက ကုန်ကျစ်တစ်တန်ကို ကျပ် (၃၃၀၀၀)ကနေ (၃၆၀၀၀)အထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။မြ၀တီဘက်ကို ပို့ဆောင်နေတဲ့ ကုန်သယ်ဆောင်ခတွေကတော့ ပြီးခဲ့တဲ့လပိုင်းက  (၁၂)ဘီးကားတစ်စီးကို ကျပ်(၆)သိန်းကနေ (၇)သိန်းကျပ်ထိတက်သွားပြီး (၁၈)ဘီးနဲ့ (၂၂)ဘီးကားတွေကတွေက ပြီးခဲ့တဲ့ လပိုင်းက ကျပ် (၉)သိန်းကနေ လက်ရှိ (၁၀)သိန်းအထိ ဈေးတက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက သယ်ဆောင်ပေးနေတဲ့ ကုန်ကားတွေကတော့  ကုန်စည်ထွက်ရှိမှုနည်းလို့ တန်ဆာခအတက်အကျမရှိ ဘူးလို့သိရပါတယ်။ ဒါပေမယ့် အရင်က ဂိတ် တစ်ဂိတ်ကို ကုန်ကား (၃)စီးထွက်တဲ့ဂိတ်တွေဟာ လက်ရှိအချိန်မှာ (၁)စီးသာထွက်နိုင်တော့တယ်လို့ သိရပါတယ်။ ပြည်မြို့ဘက်က ကုန်ကားတွေကတော့  ကုန်ရရှိမှုနည်းလို့ တန်ဆာခအတက်အကျမရှိဘဲ ရပ်နားထားရတဲ့ကားတွေရှိနေတယ်လို့သိရပါတယ်။ မန္တလေး၊မူဆယ် ဘက်ကို ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေမှာလည်း ကုန်မရှိတာကြောင့် ဆီဈေးတက်နေတာတောင် ကုန်သယ်ဆောင်ခတွေ ကျနေတယ်လို့ သိရပါတယ်။ပုံမှန်အားဖြင့် မိုးတွင်းကာလမှာ ကုန်စည်စီးဆင်းမှုနှေးကွေးတာကြောင့် တန်ဆာခအကျသာရှိပေမယ့် ဒီနှစ်မှာတော့ ပြေးဆွဲတဲ့  ယာဉ်လိုင်းအမျိုးအစားတွေ အလိုက် ကုန်စည်သယ်ဆောင်ခ အတက်အကျရှိနေတာလို့ သိရပါတယ်။

 

 

Related News