လူရွှင်တော်အသင်း(ရန်ကုန်)က ဦးစီးပြုလုပ်တဲ့ သက်ကြီးလူရွှင်တော်ပူဇော်ကန်တော့ပွဲကို စက်တင်ဘာလ(၁၉)ရက်က ရန်ကုန်မြို့ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အခုပြုလုပ်တဲ့ သက်ကြီးလူရွှင်တော်များပူဇော်ကန်တော့ပွဲကို (၈)ကြိမ်မြောက် ပြုလုပ်တာဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလ(၉)ရက်မှာ ပူဇော်ကန်တော့တာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို ပူဇော်ကန်တော့ရာမှာ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ စက်တင်ဘာလ(၁၅) ရက်က ကျင်းပခဲ့တဲ့ သက်ကြီးလူရွှင်တော်များအား ကူညီထောက်ပံ့ရေး ရံပုံငွေဘောလုံးပွဲကနေ ရရှိလာတဲ့ အလူငွေတွေနဲ့ ပူဇော်ကန်တော့ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သက်ကြီးလူရွှင်တော်ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ လူရွှင်တော်အဖွဲ့တွေ၊ လူရွှင်တော်အသင်း (ပြည်)၊ လူရွှင်တော်အသင်း(ပဲခူး)၊ လူရွှင်တော်အသင်း(မော်လမြိုင်)တို့က လူရွှင်တော်တွေ တက်ရောက်ပူဇော်ကန် တော့ခဲ့ကြပါတယ်။ပူဇော်ကန်တော့ခဲ့ရာမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နာမကျန်းဖြစ်နေပြီး အနုပညာမလုပ်နိုင်တဲ့ သက်ကြီးလူရွှင်တော်များ၊ အနုပညာအလုပ်ကို လုပ်ကိုင်နေပေမယ့် ချို့တဲ့နေတဲ့ အသက်(၆၅)နှစ်အထက် သက်ကြီးလူရွှင်တော်(၅၁)ဦးကို တစ်ဦးကို ငွေကျပ် (၃)သိန်း(၁)သောင်း ပူဇော်ကန်တော့ ခဲ့ကြတာ ဖြစ်ပါတယ်။

အခုသက်ကြီးလူရွှင်တော်ပူဇော်ကန်တော့ပွဲကနေ ပိုလျှံတဲ့အလှူငွေတွေနဲ့ လူရွှင်တော်ဘိုးဘွားရိပ်သာကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီလူရွှင်တော်ဘိုးဘွားရိပ်သာကို ဒဂုံမြို့သစ်မြောက်ပိုင်း(၄၈)ရပ်ကွက် မှာရှိတဲ့ လူရွှင်တော် အသင်းပိုင်မြေမှာ တည်ဆောက်မှာ ဖြစ်ပြီး အလှူရှင်လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လှူဒါန်းလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လူရွှင်တော်အသင်း(ရန်ကုန်) ဖုန်း ၀၉-၅၁၃၈၉၉၆ ၊ ၀၉- ၇၈၉၈၈၈၈၅၆ တို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ 

 

 

Related News