ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ အလွတ်တန်း(အမျိုးသား၊ အမျိုးသမီး) နဲ့ အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို စက်တင်ဘာလ(၁၀)ရက်က ရန်ကုန်မြို့ အောင်ဆန်းမိုးလုံလေလုံ အားကစားကွင်းမှာ စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ(၁၈)ရက်မှာတော့ ဗိုလ်လုပွဲနဲ့ ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားတွေ ပေါ်ထွက်လာစေပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အထောက် အကူဖြစ်စေဖို့ အခုလို အလွတ်တန်း(အမျိုးသား၊ အမျိုးသမီး) နဲ့ အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပနေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ဘတ်စကက်ဘောလောက ဖွံ့ဖြိုးတိုးတက်စေဖို့လည်း အဓိကပါဝင်တာဖြစ်တယ်လို့သိရပါတယ်။ အခုပြိုင်ပွဲကနေတစ်ဆင့် ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ အရည်အသွေးတွေကိုစောင့်ကြည့်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အဆင့်ဆင့်ရွေးချယ်သွားမယ်လို့ သိရပါတယ်။စက်တင်ဘာလ (၁၈) ရက်မှာတော့ အမျိုးသား၊ အမျိုးသမီးအလွတ်တန်း ဗိုလ်လုပွဲတွေကိုကျင်းပခဲ့ပါတယ်။ ဗိုလ်လုပွဲတွေပြီးတဲ့နောက် မှာတော့ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အသက် (၁၉)နှစ်အောက် အမျိုးသားပြိုင်ပွဲမှာ တတိယဆုရရှိတဲ့ ယုရှိန်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုငွေ (၂)သိန်း၊ ဒုတိယဆုရရှိတဲ့ RIP City အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုငွေ (၃)သိန်း၊ ပထမဆုရရှိတဲ့ ယိုဆီမိုက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ဆုငွေ (၅) သိန်းနဲ့ တံခွန်စိုက်ဒိုင်းဆုတို့ကို ချီးမြှင်ခဲ့ပါတယ်။

အမျိုးသမီး အလွတ်တန်းပြိုင်ပွဲမှာ တတိယဆုကို Central CA ၊ ဒုတိယဆုကို Westernpark ၊ ပထမဆုကို ပြည်ထဲရေး အသင်းတို့က ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ် နဲ့ ဆုငွေတွေကို ချီးမြှင့်ခဲ့ပါတယ်။ဆက်လက်ပြီး အမျိုးသားအလွတ်တန်းပြိုင်ပွဲမှာ တတိယဆုရရှိတဲ့ Spit Fire (A) အသင်း ကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုငွေ (၄)သိန်း၊ ဒုတိယဆုရရှိတဲ့ Nu Bulldog အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုငွေ (၆)သိန်း၊ ပထမဆုရရှိတဲ့ FOX အသင်းကို တစ်ဦးချင်းဆုတံဆိပ် ၊ ဆုငွေ (၈)သိန်းနဲ့ တံခွန်စိုင်ဒိုင်းဆုတို့ကိုပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲတစ်ခုချင်းစီအလိုက် အကောင်းဆုံးကစားသမားဆုတွေ ကိုပါချီးမြှင့်ခဲ့ ပါတယ်။ဒါ့အပြင် ၂၀၁၉ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဘတ်စကတ်ဘော လက်ရွေးစင်အသင်းအတွက်ဒီပြိုင်ပွဲကနေတစ်ဆင့်ရွေးချယ်သွားမယ်လို့လည်းသိရပါတယ်။အခုလိုဘတ်စကတ်ဘောပြိုင်ပွဲကို အရင်နှစ်တွေက အမျိုးသား တံခွန်စိုက်ပြိုင်ပွဲအနေနဲ့ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၁၇ခုနှစ်ကစတင်ကာ နိုင်ငံခြားသားကစားသမားတွေပါ ၀င်ရောက်ယှဉ်ပြိုင်နိုင်စေဖို့ MBF Championship Cup အနေနဲ့ ပြောင်းလဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News