စက်တင်ဘာလ(၂၃)ရက်က မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)မှာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ပွဲပြုလုပ်ခဲ့ပါတယ်။ 
ကမ္ဘာပေါ်မှာနှစ်စဉ်နှလုံးရောဂါကြောင့်သေဆုံးသူတွေတိုးလာနေပြီး ဒါကိုအချိန်မီတားဆီးနိုင်ဖို့ နှလုံးကျန်းမာရေးကို လူတိုင်းပါဝင်ဂရုစိုက်သင့်တယ်လို့  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ပွဲမှသိရပါတယ်။ တစ်နှစ်ကို နှလုံးရောဂါကြောင့်အချိန်မတိုင်မီသေဆုံးသူဦးရေဟာ (၁၇.၅)သန်းဝန်းကျင်ရှိနေပြီး (၂၀၃၀) ပြည့်နှစ်မှာ(၂၃)သန်းလောက်ထိတိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှု၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းလာတာတွေရဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်တယ်လို့ နှလုံးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စိုးဝင်းက ပြောပါတယ်။ 

နှလုံးရောဂါဖြစ်ပွားမှုတွေက အသက်ငယ်ရွယ်သူတွေနဲ့ အမျိုးသမီးအများစုမှာပါအဖြစ်များလာတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ပွားမှုတိုးမြင့်လာတာကိုကြိုတင်ကာကွယ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေကျန်းမာရေးအသိပညာပေးတာတွေ လိုအပ်သလိုနှလုံးကျန်းမာရေးအတွက်လူတိုင်းပါဝင်ဂရုစိုက်သင့်တယ်လို့ဆိုပါတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီး ဖြတ်တာ၊ လေ့ကျင့်ခန်းအားကစားပုံမှန်လုပ်တာ၊ မှန်ကန်ကျန်းမာတဲ့ စားသောက်မှုပုံစံတွေကိုလိုက်နာတာ စတာတွေကို ပြုလုပ်ပြီး နှလုံးကျန်းမာရေးကိုကာကွယ်ရမယ်လို့နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးကပြောပါတယ်။ 

ကမ္ဘာ့နှလုံးကျန်းမာရေးဖောင်ဒေးရှင်းက စက်တင်ဘာလ (၂၉)ရက်ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အဖြစ်သတ်မှတ်ထားပါတယ်။ ဒီနှစ်ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် "မိမိနှလုံးသား၊ အခြားသူနှလုံးသားကျန်းမာဖို့ လူတိုင်းမှာတာဝန်ရှိတယ်"ဆိုတဲ့ဆောင်ပုဒ်ကို ပေးထားပါတယ်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်ပွဲကို (၁၀)နှစ်မြောက်အဖြစ် မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီးကနှလုံးအထူးကုဆရာဝန်ကြီးတွေ ဦးဆောင်ကာမန္တလေးမြို့မှာအကြိုကျင်းပခဲ့တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာနှလုံးကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးအစီအစဉ်၊ နှလုံးကျန်းမာရေး ကိုယ်တိုင်ပါဝင်ခြင်းအစီအစဉ်၊ မေးခွန်းတွေဖြေကြားပေးတဲ့အစီအစဉ်နဲ့ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွေကို ပြုလုပ်ပေးခဲ့ပါတယ်။ 

 

Related News