ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ပထမဆုံးအကြိမ် ပူးပေါင်း ပြုလုပ်မယ့် University Robotic Competition in Myanmar စက်ရုပ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းကို ပြိုင်ပွဲဝင်လျှောက်လွှာများပေးပို့နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Pacific Tele Community အဖွဲ့အစည်းက အမေရိကန်ဒေါ်လာငါးထောင် ထောက်ပံ့တာကြောင့် ယခုလို စက်ရုပ်ပြိုင်ပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာတော့ စက်ရုပ်တည်ဆောက်ဖူးတဲ့ အတွေ့အကြုံရှိပြီးသား တက္ကသိုလ်ကျောင်းသားကျောင်းသူတိုင်းကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးထားပြီး အသက် (၂၅) နှစ်အောက် အတွေ့အကြုံရှိပြီးသူတွေလည်း ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့သိရပါတယ်။
ပြိုင်ပွဲဝင်လိုသူတွေကတော့ လာမယ့်နိုဝင်ဘာ (၂၀) ရက်နောက်ဆုံးထားကာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းပညာရှင် ရုံးခန်းနဲ့ အီးမေးလ်လိပ်စာတွေကို လျှောက်လွှာပေးပို့ရမှာ ဖြစ်ပြီး အက်ပလီကေးရှင်းဖောင်နဲ့စက်ရုပ်တည်ဆောက်ဖူးတဲ့ အတွေ့အကြုံတွေကို ရေးသားတင်ပြရမှာဖြစ်ပါတယ်။ စက်ရုပ်ပြိုင်ပွဲမှာ မီးငြှိမ်းသတ်ရေး စက်ရုပ်ပြိုင်ပွဲနဲ့ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲနှစ်ခုခွဲထားပြီး ပြိုင်ပွဲတစ်ခုမှာအသင်း (၁၀) သင်းနဲ့စုစုပေါင်း အသင်းနှစ်ဆယ် ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲဝင်အသင်းနှစ်ဆယ်ကိုတော့နိုဝင်ဘာ (၂၃) ရက်မှာအပြီးသတ်ရွေးချယ်မှာဖြစ်ပြီး အရွေးခံရတဲ့အသင်းတွေကို စက်ရုပ်တည်ဆောက်ရေးအတွက် မော်တာ၊ ကိုယ်ထည်နဲ့ ရီမုကွန်ထရိုးစတာတွေ တစ်စုံစီထောက်ပံ့ပေးမယ်လို့သိရပါတယ်။
အဆိုပါစက်ရုပ်ပြိုင်ပွဲမှာ ပထမဆု ဒေါ်လာ နှစ်ရာနဲ့တီထွင်ဖန်တီးမှုအကောင်းဆုံးဆု ဒေါ်လာတစ်ရာ ချီးမြှင့်မှာဖြစ်ပြီး စက်ရုပ်တစ်မျိုးကို ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် စုစုပေါင်း ဆုလေးခု ပေးအပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဆုရတဲ့ အဖွဲ့တွေကိုလည်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အထောက်အပံ့ရှာပေးပြီး World Robotic ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးသွားမယ်လို့သိရပါတယ်။ ပြင်ပကပြုလုပ်တဲ့ စက်ရုပ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ ကျော်စည်သူကလည်း ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ပြင်ဆင်ထားကြောင်းပြောပြပါတယ်။
