မြန်မာနိုင်ငံရဲ့ပထမဆုံး၊ အာဆီယံဒေသတွင်း (၅)နိုင်ငံဖိတ်ခေါ်ကွင်း ပတ်စက်ဘီးစီးပြိုင်ပွဲကို နိုဝင်ဘာလ(၁၁)ရက်က မန္တလေးမြို့ကျုံးမြောက်ဘက်(၁၂)လမ်းမှာ ကျင်းပခဲ့တာပါ။မန္တလေးကျုံးဘေးမှာကျင်းပတဲ့ (၂၀၁၈)ခုနှစ်(၅)နိုင်ငံဖိတ်ခေါ်ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ မြန်မာနိုင်ငံစက်ဘီးအားကစားအဖွဲ့ချုပ်နဲ့ မြန်ရွှေပြည်လုပ်ငန်းစုတို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံက ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။ အာဆီယံစက်ဘီးအားကစား အဖွဲ့ချုပ်ရဲ့ ထောက်ခံအားပေးမှုကြောင့် မြန်မာနိုင်ငံမှာ စက်ဘီးအားကစားဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံဒေသတွင်း စက်ဘီး ပြိုင်ပွဲတွေ ထပ်မံကျင်းပနိုင်ရေးနဲ့ အာရှဒေသတွင်းလမ်းမတွေပေါ်က စက်ဘီးပြိုင်ပွဲတွေကို စိတ်ဝင်စားမှုတိုးပွားလာစေရန် ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့  မြန်မာနိုင်ငံစက်ဘီအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။နိုင်ငံ့ကိုယ်စားပြု ပရော်ဖက်ရှင်နယ်စက်ဘီးစီးအားကစားသမားတွေက ဒီပြိုင်ပွဲမှာတော့  အမျိုးသား ၂၃နှစ်အောက်နဲ့ အငယ်တန်း ၁၉ နှစ်အောက်ပြိုင်ပွဲ စဉ်တွေကိုဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး  အမျိုးသား ၂၃နှစ် အောက်နဲ့ အလွတ်တန်းပြိုင်ပွဲ ကတော့  အပတ်ရေ ၃၀ ၊ အမျိုးသားအငယ်တန်း (၁၉) နှစ်အောက်နဲ့ မာစတာတန်းက အပတ်ရေ ၂၀ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။အခုပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲကို  ပြိုင်ပွဲအမျိုးအစားအပေါ်မူတည်ပြီး ဆုကြေးငွေ အများဆုံး အမေရိကန်ဒေါ်လာ ၂ ထောင်နဲ့ အနည်းဆုံး မြန်မာငွေကျပ်(၁)သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီကွင်းပတ်စီးစက်ဘီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ကျောင်းသားများပါဝင်စီးနင်းတဲ့ Ride Of Peace အစီအစဉ်ပါဝင်ခဲ့ပြီး  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဧည့်သည်တော်တွေပါဝင်စီးနင်းတဲ့ Offcial Ride အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News