မန္တလေးမြို့မှာ ယခုနှစ်စက်တင်ဘာလကုန်ထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ၃သိန်းကျော် ၀င်ရောက်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ မန္တလေးမြို့မှာ ယခုနှစ်ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ၃သိန်း၂ သောင်းကျော် ဝင်ရောက်ထားတာဖြစ်ပါတယ်။ မန္တလေးမှာ နိုင်ငံခြားသားခရီးသွားအနေနဲ့ တရုတ်နိုင်ငံက အများဆုံးဝင်ရောက်တာဖြစ်ပြီး ထိုင်း၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ ဂျပန်နဲ့ ကိုရီးယားစတဲ့နိုင်ငံတွေမှလည်း ၀င်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအနေနဲ့ မန္တလေးမြို့အတွင်းက ထင်ရှားတဲ့ ခရီးသွားနေရာဒေသတွေကို အများအပြား လာရောက်လည်ပတ်ကြတာဖြစ်ပြီး မန္တလေးတောင်၊ ကျုံးမြို့ရိုး၊ မြနန်းစံကျော်ရွှေနန်းတော်၊ မဟာမုနိဘုရားကြီး၊ ဗားဂရာကျောင်းတော်၊ ဦးပိန်တံတား၊ မင်းကွန်းခေါင်းလောင်းကြီးစတဲ့ ခရီးစဉ်တွေကို အများဆုံးလာရောက် လည်ပတ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးမြို့ကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအနေနဲ့ စာရင်းတွေအရ ဇူလိုင်လမှာ၂ သောင်း ၉ ထောင်ကျော်၊ သြဂုတ်လမှာ (၃)သောင်း(၂)ထောင်ကျော်နဲ့ စက်တင်ဘာလမှာ(၂)သောင်း(၉)ထောင်ကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက နိုင်ငံခြားသားခရီးဝင်ရောက်မှု လျော့နည်းနေတယ်လို့ သိရပါတယ်။ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အောက်တိုဘာလ ၁ရက်က စတင်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့ကို ဗီဇာကင်းလွတ်ခွင့်တွေ ဆောင်ရွက်ပေးထားပြီး နယ်စပ်ဒေသတွေရဲ့ ၀င်ပေါက်တွေဖြစ်တဲ့ တမူး၊ မြ၀တီနဲ့ တာချီလိတ် နယ်စပ်ဂိတ်တွေမှာ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအတွက် ဖြေလျော့မှုတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။မန္တလေးမြို့မှာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၄သိန်း ၈သောင်းကျော် ၀င်ရောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

 

Related News