နေပြည်တော်မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပွဲတော်ဖွင့်ပွဲပိတ်ပွဲအတွက် ယဉ်ကျေးမှု အကတွေကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ လေ့ကျင့်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အာဆီယံတက္ကသိုလ်များအားကစားပွဲတော်ကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၉ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပြီး အဲ့ဒီ့ပွဲတော်ရဲ့ ဖွင့်ပွဲပိတ်ပွဲတွေမှာ ကပြဖျော်ဖြေသွားမယ့် ယဉ်ကျေးမှုအကအလှတွေကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှာလေ့ကျင့်ပြင်ဆင်နေ ကြပြီ ဖြစ်ပါတယ်။ ယဉ်ကျေးမှုအကတွေကို လေ့ကျင့်ပြင်ဆင်ရာမှာ ကျောင်းက ဆရာဆရာမတွေရဲ့ သင်ကြားမှုတွေအပြင် အကပညာရှင်တွေက လာရောက်သင်ကြားပေး နေတယ်လို့ အကဗေဒပညာရှင် ဒေါ်စန်းနုက ပြောပါတယ်။

ယဉ်ကျေးမှုအကတွေပြင်ဆင်ရာမှာတော့ ဖွင့်ပွဲနေ့အတွက်နဲ့ ပိတ်ပွဲနေ့အတွက် ပြင်ဆင်ရတာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုအက တွေကို ဖော်ထုတ်နိုင်မယ့် ခေတ်ကြီး ခုနှစ်ခေတ် ဖြစ်တဲ့ ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင် စတဲ့ ခေတ်အကတွေအပြင် တိုင်းရင်း သားအက ၊ ဆွမ်းအုပ်အက၊ ပုသိမ်ထီးအက၊ ရုပ်သေးအက ၊ မြင်းစီးရုပ်အက နဲ့ အပျိုတော်အကတွေကို ကပြသွားမှာ ဖြစ်ပါတယ်။ အကတွေကို ကပြဖို့အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကပြကြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့ အပေါ် ကျောင်းသူတစ်ဦးဖြစ်တဲ့ မသူဇာနိုင်က အခုလိုပြောပါ တယ်။

အာဆီယံတက္ကသိုလ်များအားကစားပွဲတော်ရဲ့ ဖွင့်ပွဲပိတ်ပွဲ တွေမှာ ပါဝင်ကပြဖို့အတွက် အကတစ်ခုကို လူအယောက်(၃၀)ကျော် အသုံးပြုရတာကြောင့် သဘင်ပညာဌာနက ကျောင်းသားကျောင်းသူတွေအပြင် ရုပ်ရှင်၊ ပန်းချီ၊ ဂီတ စတဲ့ဌာနတွေက ကျောင်းသားကျောင်းသူတွေကိုပါ ပါဝင်ကပြဖို့ သင်ကြားပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့ အပေါ် ပန်းချီအတန်းမှာ သင်ကြားနေရတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ဟိန်းထက်နိုင်ကလည်း အခုလိုပြောပါတယ်။အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမယ့် ၁၉ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပွဲတော်ကို ဒီဇင်ဘာ(၈)ရက်နေ့တွင် နေပြည်တော်မှာ ဖွင့်ပွဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာတော့ မြန်မာနိုင်ငံက နာမည်ကြီး အနုပညာရှင်တွေရဲ့ တင်ဆက်မှုတွေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မန္တလေးကျောင်းက ကျောင်းသားကျောင်းသူတွေ ကပြဖျော်ဖြေကြမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News