MPT နဲ့  NLD ပညာရေးကွန်ရက်တို့ပူးပေါင်းပြီး ''ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ'' အစီအစဉ်ဖြင့် ဆရာဖြစ်သင် ကွန်ပျူတာသင်တန်းများ သင်ကြားပေးခဲ့ပါတယ်။ နိုဝင်ဘာလ(၁၂)ရက်မှာတော့  အဆိုပါ  ဆရာဖြစ်သင်ကွန်ပျူတာ သင်တန်း ပြီးမြောက်ခြင်း အခမ်းအနားသင်တန်းဆင်းပွဲကို ရန်ကုန်မြို့ ၊ပုဇွန်တောင်မြို့နယ်ရှိ မြန်မာဆက်သွယ်ရေး သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

''ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ''အစီအစဉ်နဲ့ ဆရာဖြစ်သင်ကွန်ပျူတာသင်တန်းကို(၂၀၁၈)ခုနှစ် စက်တင်ဘာလ(၂၄)ရက်မှ အောက်တိုဘာလ(၁၂)ရက်ထိ သင်တန်းသားဦးရေ(၂၅)ဦ်း၊ အောက်တိုဘာလ(၂၉) ရက်မှ နိုဝင်ဘာလ(၁၂)ရက်ထိ သင်တန်းသားဦးရေ(၂၅)ဦး စုစုပေါင်း (၅၀)ဦးကို သင်ကြားပေးခဲ့တာပါ။

ကွန်ပျူတာပညာရပ်ကို သင်ယူနိုင်ဖို့ အခွင့်အရေးနည်းပါးတဲ့ လူငယ်တွေကို ပြန်လည်သင်ကြားပေးနိုင်ရန်၊ ကွန်ပျူတာပညာရပ်ကို ကောင်းမွန်စွာ အသုံးပြုတတ်ပြီး နောင်လာမယ့်လူငယ်တွေကို မျှဝေပေးနိုင်ရန်၊လူငယ်တွေမှာ နည်းပညာနဲ့ ပညာရေးကဏ္ဍတွေမှာ နှောင့်နှေးမှု မရှိဘဲဖွံ့ဖြိုးတိုးတက်စေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့  သင်ကြားခဲ့တာဖြစ်ပါတယ်။သင်တန်းမှာတော့  မိုက်ခရိုဆောဖ့်ရဲ့ ဆောဖ့်ဝဲစနစ်ဖြစ်တဲ့ Word၊ Excel Power Pointနဲ့ ရုံးလုပ်ငန်းသုံးအီးမေးလ်အသုံးပြု နည်း အစရှိတဲ့ ပညာရပ်တွေကို ပြန်လည်သင်ကြားပေးနိုင်မယ့်နည်းလမ်းတွေကို အခမဲ့သင်ကြားပေး ခဲ့တာဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့ (၁၁)ရက်ကြာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်   ဒီ သင်တန်းမှာ အောင်မြင်တဲ့ သင်တန်းသား တွေကို မြို့ပြဒေသနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာ ကွန်ပျူတာပညာ ရပ်ကိုဖြန့်ဝေသင်ကြားပေးဖို့သင်တန်းဆရာအဖြစ်ခန့်အပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ ဆရာဖြစ်သင်ကွန်ပျူတာသင်တန်းပြီးမြောက်ခြင်း အခမ်းအနားသင်တန်းဆင်းပွဲမှာတော့   သင်တန်းသားဦးရေ (၅၀) ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

 

Related News