မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကို ပြည်တွင်းမှ ဘုရားဖူးပြည်သူတွေသာမက ပြည်ပနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ က ဘုရားဖူးဧည့်သည်တွေ  အများဆုံးလာရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဟာ ထင်ရှားကျော်ကြားတဲ့ တန်းခိုးကြီးမားလှတဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး မျောလေးမျော ဘုရားလေးဆူ အနက် တစ်ဆူအပါအ၀င်ဖြစ်ပါတယ်။အခုလို ဘုန်းတန်းခိုးကြီးမားလှတဲ့ မှဲရှင်တော်ဘုရားကို ပြည်တွင်းမှာရှိတဲ့ ဘုရားဖူးပြည်သူတွေသာမက ပြည်ပနိုင်ငံတွေက ဘုရားဖူးဧည့်သည်တွေပါ လာရောက်ဖူးမြော်ကြပြီး ဒီထဲကမှ  ထိုင်းနိုင်ငံက ဘုရားဖူး ဧည့်သည်တွေ လာရောက်ဖူးမြော်မှုများပြားတယ်လို့ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဂေါပကအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်က အခုလိုပြောပါတယ်။

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကို တစ်နေ့ကို ပြည်တွင်း/ပြည်ပက ဘုရားဖူးပြည်သူ(၁)သောင်းကျော် လာရောက်ဖူးမြော်ကြတယ်လို့ သိရပြီး လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးပြည်သူတွေရဲ့ကုသိုလ်အလှူငွေထည့်ရာမှာ တနေ့ကို အလှူငွေ ကျပ်သိန်း(၃၀)ကျော်ရရှိ တယ်လို့သိရပါတယ်။ ဒါ့အပြင် ဘုရားဖူးပြည်သူတွေလာရောက်ဖူးမြော်ရာမှာ အပန်းဖြေတည်းခိုဖို့အတွက် (၃)ထပ်ဆောင်၊ (၂)ထပ်ဆောင် စတဲ့ တည်းခိုဆောင်များကိုလည်း အခကြေးငွေမယူဘဲ တည်းခိုနိုင်အောင်စီစဉ်ပေးထားတယ်လို့ ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားဂေါပကအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်က အခုလိုပြောပါတယ်။

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကို သာသနာသက္ကရာဇ်(၂၃၇)ခုနှစ်ကစတင်ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ တည်ထားကိုးကွယ် ခဲ့ကြတာပါ။ မှဲ့ရှင်တော်ဘုရားမျက်နှာတော်သည် အသက်ထင်ရှားရှိသကဲ့သို့ တည်ရှိတော်မူခြင်းကြောင့် ရုပ်ရှင်တော်ဘုရားဟု လည်းကောင်း၊ မျက်လုံးတော်အစုံတို့သည် မျက်တောင်ခတ်ကာ ပကတိမျက်လုံးတော်ကဲ့သို့တည်ရှိသောကြောင့် မျက်ရှင်တော်ဘုရားဟု လည်းကောင်း၊ ရုပ်ပွားတော်မြတ်ရဲ့လက်ယာဘက်နားထင်အစွန်းတွင်မှဲ့တော်တစ်ခုရှိပြီး မည်သို့ပင်ရွှေချသော်လည်း မပျောက်ဘဲ သတိထားကြည့်ရှု မှတ်သားပါက နေရာရွှေ့ပြောင်းခြင်းကိုတွေ့မြင်နိုင်ခြင်းကြောင့် မှဲ့ရှင်တော်ဘုရားဟု ခေါ်ဝေါ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News