မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဥာဏ်ရည်မမီအားကစားအဖွဲ့တို့ပူးပေါင်းပြီး  ကြက်တောင်ရိုက် သင်တန်းကို နိုဝင်ဘာလ(၁၄)ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မသန်စွမ်းလေ့ကျင့်ရေးစခန်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အကြိမ်(၃၀)မြောက်  မြန်မာနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများ အားကစားပြိုင်ပွဲနဲ့ (၁၅)ကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည် မမီသူများအားကစားပြိုင်ပွဲတွေမှာ ကြက်တောင်ရိုက်အားကစားနည်းပြိုင်ပွဲ ပါဝင်တာကြောင့် ဥာဏ်ရည်မမီကလေး ငယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး Shuttle Time Program ကြက်တောင်ရိုက်သင်တန်း ကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် မြန်မာနိုင်ငံဥာဏ်ရည်မမီအားကစားပြိုင်ပွဲမှာ ပြေးခုန်ပစ်၊ဘိုးလင်း၊ ကြက်တောင်ရိုက် ၊ စစ်တုရင်၊ ဂိုးလ်ဘော၊ ဘိုစီယာ၊ ဘီးတပ်ဘတ်စကတ်ဘော၊ မြှားပစ်၊ အလေးမ၊ စားပွဲတင် တင်းနစ်အစရှိတဲ့ ကစားနည်း(၁၃)မျိုးထဲမှာပါဝင်တဲ့  ကြက်တောင်ရိုက်ကစားနည်းဟာ သာမန်လူတွေနဲ့ တွဲကစားနိုင်တဲ့ ကစားနည်းတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥာဏ်ရည်မမီတဲ့ ကလေးငယ်တွေကို ပြန်လည်သင်ကြားပေးနိုင်ဖို့အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးမှာရှိတဲ့ ကလေးငယ်တွေရဲ့ မိဘများ၊နည်းပြများကို  မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်က  နည်းစနစ် မှန်ကန်အောင် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အကြိမ် (၃၀)မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများ အားကစားပြိုင်ပွဲနဲ့ (၁၅)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲကိုတော့ လာမယ့်ဒီဇင်ဘာလ(၅)ရက်မှ (၉)ရက်ထိ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်ရှိ၊ မသန်စွမ်းလေ့ကျင့်ရေးစခန်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News