ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(39)မိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ ၀င်္ဂဘော်ဆင်စခန်းမှာ မိဘမဲ့ဆင်ကလေး 6 ကောင်ကိုပါ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ၀င်္ဂဘော်ဆင်စခန်းမှာ အမိမဲ့ဆင်ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

ဒီလိုအမိမဲ့ဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်ထားတာ မြန်မာတစ်နိုင်လုံးမှာ ၀င်္ဂဘော်ဆင်စခန်းတစ်ခုတည်းသာရှိတယ်လို့ ၀င်္ဂဘော်ဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးစိန်လွင်က ပြောပါတယ်။ဆင်ကလေးတွေဟာ နို့စိုအရွယ်မှာ ရောက်ရှိလာခဲ့တာဖြစ်တဲ့အတွက် ဒီဆင်လေးတွေကို နို့တိုက်ကျွေးမွေးပြီး ထိန်းသိမ်းစောင့်ရှောက် ထားရတယ်လို့ သိရပါတယ်။

ဆင်ကလေးတွေကို တစ်နေ့ကို နှစ်နာရီခြားတစ်ခါ နို့ဘူးတိုက်ရပြီး တစ်ခါသောက်ရင် နှစ်လီတာခွဲဘူး တစ်ဘူး ကုန်တယ်လို့ ဒုတိယတိရစ္ဆာန်ဆေးကုမှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။အမိမဲ့ဆင်လေးတွေကို စခန်းမှာထိန်းသိမ်းစောင့်ရှောက်ထားပြီး အရွယ်ရောက်လာရင်တော့တောထဲကို ပြန်လည်လွှတ်ပေးမယ်လို့ သိရပါ တယ်။

အရွယ်ငယ်သေးတဲ့ဆင်ကလေးတွေဖြစ်တဲ့အတွက် နို့ဘူးတိုက်ရတဲ့အခက်အခဲလေးတွေရှိသလို ဆင်တစ်ကောင်ချင်းစီမှာလည်း ချစ်စဖွယ်ကောင်းတဲ့ပုံစံလေးတွေရှိတယ်လို့ သစ်အုပ်ကြီး ဒေါ်ရွှေရည်ဝင်းထက်က ပြောပါတယ်။ မြေဧက ၈၆ဧကကျယ်ဝန်းတဲ့ ၀င်္ဂဘော်ဆင်စခန်းမှာ ယခုလက်ရှိ ဆင်ကြီးရှစ်ကောင် အမိရှိဆင်ကလေး (၄)ကောင်နဲ့ အမိမဲ့ဆင်ကလေး (၆)ကောင် စုစုပေါင်း(၁၈)ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားရှိထားပါတယ်။

ဝင်္ဂဘော်ဆင်စခန်းကို (၂၀၁၆)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။ ၀င်္ဂဘော်ဆင်စခန်းကို ၀င်ကြေးအနေနဲ့ တစ်ယောက်ကို တစ်ထောင်ကျပ်သတ်မှတ်ထားပါတယ်။ အစိုးရရုံးပိတ်ရက်တွေမှာ ၀င်္ဂဘော်ဆင်စခန်းကိုလာလည်သူဦးရေဟာ တစ်နေ့ကို နှစ်ရာကနေ ငါးရာကြား လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

 

 

Related News